ဟင်းလျာအသစ်အဆန်းများကို ချက်ပြုတ် မြည်းစမ်းကြည့်ချင်သူများအတွက် အမဲသားအစာသွပ် ထည့်ချက်ထားတဲ့ ခရမ်းသီးမီးဖုတ်ဟင်းလျာ ချက်ပြုတ်ပြင်ဆင်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ခရမ်းသီး အလုံးကြီး ၂ ပေါင်ခန့်
  • ဟင်းသီးဟင်းရွက်ဆီ စားပွဲတင်ဇွန်း ၃ ဇွန်း
  • အမဲသား ၁ ပေါင် (နုပ်နုပ်စဉ်းထားပါ)
  • ကြက်သွန်ဖြူ ၂ မြွှာ (နုပ်နုပ်စဉ်းထားပါ)
  • ခရမ်းချဉ်သီး ၁၅ အောင်စ (ရေဆေးပြီး လေးထောင်းအတုံးငယ် တုံးထားပါ)

  • ခရမ်းချဉ်သီးအနှစ် စည်သွပ်ဘူး ၁ ဘူး (၆ အောင်စ)
  • ဆားနှင့် ငရုတ်ကောင်းမှုန့် အနည်းငယ်
  • ပေါင်မုန့်အကြေအစ အနည်းငယ်
  • ချိစ် အနည်းငယ်

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ခရမ်းသီးကို အလယ်တည့်တည့်ကနေ ထက်ခြမ်း ခြမ်းပြီး ထိပ်ပိုင်းကို လှီးထုတ်ထားပါ။

၂။ အထဲက ခရမ်းချဉ်သီးအသားများကို ဇွန်းဖြင့် ခပ်ထုတ်လိုက်ပါ။

၃။ Oven ကို ၃၅၀ ဒီဂရီဖာရင်ဟိုက် (၁၈၀ ဒီဂရီစင်တီဂရိတ်) ဖြင့် ကြိုတင်အပူပေးထားပါ။ ထို့နောက် ခရမ်းသီးများကို ခဲဖတ်ခံထားသော လင်ဗန်းထဲ ထည့်ပါ။

၄။ ဖယ်ထုတ်ထားသော ခရမ်းသီး အသားများကို အတုံးခပ်သေးသေး တုံးထားပါ။

၅။ ဒယ်အိုးကို အပူပေးပြီး ဆီထည့်ပါ။ ဆီပူလာပါက ခရမ်းသီးထည့်ပြီး နူးအိသွားသည်အထိ မွှေကြော်ပေးလိုက်ပါ။ ထို့နောက် ပန်းကန်ပြားထဲသို့ ဆယ်ထည့်ထားပါ။

၆။ ထို့နောက် နုပ်နုပ်စဉ်းထားသော အမဲသားထည့်ပါ။ ကြက်သွန်ဖြူထည့်ပြီး ၁ မိနစ်ခန့် သမအောင် မွှေကြော်ပေးလိုက်ပါ။

၇။ ခရမ်းချဉ်သီး၊ ခရမ်းချဉ်သီးအနှစ်၊ ဆားနှင့် ငရုတ်ကောင်းမှုန့်တို့ထည့်ကာ သမအောင် မွှေပြီးတဲ့နောက်မှာ ၁၅ မိနစ်ခန့် ပွက်ပွက်ဆူလာအောင် တည်ထားလိုက်ပါ။ မကြာခဏ မွှေပေးဖို့လည်း လိုအပ်ပါတယ်။

၈။ ထို့နောက် စောစောကကြော်ထားသော ခရမ်းသီး၊ ချိစ် အနည်းငယ်နှင့် ပေါင်မုန့်အကြေအစများထည့်ကာ သမအောင် မွှေပေးလိုက်ပါ။

၉။ ရရှိလာတဲ့ အမဲသားအစာသွပ်ကို အသင့်ပြင်ထားသော ခရမ်းသီးထဲ ထည့်ပါ။

ထို့နောက် ချိစ်ပြား အနည်းငယ် အုပ်ထားလိုက်ပါ။

၁၀။ ထို့နောက် ကြိုတင်အပူပေးထားသော Oven ထဲတွင် ၂၅ မိနစ်ခန့် ထည့်ဖုတ်ပေးလိုက်ပါ။

ဒါဆိုရင်တော့ အရသာရှိတဲ့ အမဲသားအစာသွပ် ခရမ်းသီးမီးဖုတ်ဟင်းလျာလေး ရရှိသွားပါပြီ။

Source: Thespruceeats.com