မနေ့တစ်နေ့ကမှ ဝယ်လာတဲ့ အာလူးတွေက တာရှည်အထားမခံဘဲ အညှောင့်ထွက်နေလို့ စိတ်ညစ်နေရပြီလား။ ဟင်းသီးဟင်းရွက်တွေကလည်း အလွယ်တကူညှိုးနွမ်းနေလို့ အလဟဿလွှင့်ပစ်နေရတယ်ဆိုရင်တော့ အခုဖော်ပြပေးမယ့် နည်းလမ်းကောင်းလေးတွေကိုသာ အသုံးပြုကြည့်လိုက်ပါ။

ပျားရည်ရဲ့အပေါ်ယံလွှာမှာ အခဲအတုံးများ ဖြစ်နေတယ်ဆိုရင်

ပျားရည်ရဲ့သက်တမ်းက ကြာမြင့်လာသည်နဲ့အမျှ သူ့ရဲ့အပေါ်ယံလွှာမှာ အတုံးအခဲများ ဖြစ်ပေါ်နေတတ်ပါတယ်။ ထိုအတုံးအခဲတွေကို ဖယ်ရှားချင်တယ်ဆိုရင် ထိုပျားရည်ကို မီးအပူချိန် အနည်းဆုံးဖြင့် ၅ မိနစ်ခန့် အပူပေးလိုက်ပါ။ နဂိုမူလအတိုင်း လတ်ဆတ်တဲ့ပျားရည်လေး ရရှိသွားပါပြီ။

ဟင်းခပ်အမွှေးအကြိုင်ပုလင်းတွေထဲမှာ ပုရွက်ဆိတ်နှင့် အခြားအင်းဆက်ပိုးမွှားများ ခိုအောင်းနေတယ်ဆိုရင်

Spices

ထိုဟင်းခပ်အမွှေးအကြိုင်ပုလင်းထဲမှာ လေးညှင်းပွင့်အရွက်လေး ထည့်ထားလိုက်ပါ။ အင်းဆက်ပိုးမွှားလေးတွေက လေးညှင်းပွင့်အရွက်ကို ကြောက်ကြတာကြောင့် ဝေးဝေးပြေးသွားပါလိမ့်မယ်။

အာလူးများ အညှောင့်မထွက်ဘဲ ကြာရှည်အထားခံချင်တယ်ဆိုရင်

ခြင်းတောင်းတစ်လုံးထဲမှာ အာလူးများ ထည့်ထားလိုက်ပါ။ ထို့နောက် ပန်းသီး ၁ လုံး၊ ၂ လုံးခန့်ကို အာလူးနှင့် အတူရောထားလိုက်ပါ။ ထို့နောက် ထိုအာလူးများကို နေရောင်ခြည်တိုက်ရိုက်မထိတွေ့စေဖို့အတွက် အာလူးခြင်းကို အဝတ်စတစ်ခုခုဖြင့် အုပ်ထားလိုက်ပါ။ ပန်းသီးက အာလူးများ အညှောင့်မထွက်ဘဲ အချိန်အတော်ကြာအထားခံအောင် ကူညီပေးပါတယ်။

ဆားပုလင်းထဲမှာ ဆားခဲများ စုပုံနေတယ်ဆိုရင်

ဟင်းချက်တဲ့အခါ ဆားအလွန်အကျွံအသုံးမပြုမိဖို့ရန်အတွက် ဆားပုလင်းရဲ့အဖုံးကို အပေါက်ကျဉ်းကျဉ်းလေးသာ ဖောက်ထားလေ့ရှိပါတယ်။ တကယ်လို့ ဆားပုလင်းထဲမှာ ဆားတွေက အတုံးအခဲတွေ ဖြစ်နေတယ်ဆိုရင်တော့ ဟင်းအိုးထဲကို ဆားဖြူးထည့်ရတာ အခက်အခဲရှိနိုင်ပါတယ်။

ဒီအခက်အခဲအတွက်ဖြေရှင်းနည်းလေးကတော့ ဆားပုလင်းထဲသို့ ဆန်စေ့အနည်းငယ် ထည့်ထားလိုက်ပါ။ ဆန်စေ့များက ဆားများ ရေငွေ့ပျံခြင်းကြောင့် အတုံးအခဲများ ဖြစ်ပေါ်ခြင်းမှ ကာကွယ်ပေးပါလိမ့်မယ်။

ပေါင်မုန့်များ မှိုမတက်ဖို့ရန်အတွက်

ပေါင်မုန့်များကို အချိန်အကြာကြီး အထားခံချင်တယ်ဆိုရင်တော့ ပေါင်မုန့်အိတ်ထဲမှာ တရုတ်နံနံပင် တစ်ပင်လောက် ထည့်ထားလိုက်ပါ။ တရုတ်နံနံက ပေါင်မုန့်များ မှိုမတက်အောင် ကာကွယ်ပေးပါလိမ့်မယ်။

ဟင်းသီးဟင်းရွက်နဲ့ ဆေးဖက်ဝင်အရွက်များ မညှိုးနွမ်းစေဖို့အတွက်

Washing Vegetables

အရင်ဦးဆုံး အကြာကြီးအထားခံစေချင်တဲ့ ဟင်းသီးဟင်းရွက်များကို ရေဆေးပေးလိုက်ပါ။ ထို့နောက် အဝတ်စသန့်သန့်တစ်ခုထဲမှာ ဟင်းသီးဟင်းရွက် တစ်မျိုးချင်းစီကို လိပ်ထည့်ပေးရပါမယ်။

ဥပမာ အဝတ်စရဲ့ဘယ်ဘက်အစွန်ဆုံးနေရာမှာ ရေစိုနေတဲ့ ဆလပ်ရွက်လေး ထားထားပါ။ ထို့နောက် ထိုအဝတ်စကို တစ်ခေါက် လိပ်လိုက်ပါ။ တစ်ဖန် ရေစိုနေတဲ့ ကြက်သွန်မြိတ်ကို အဝတ်စပေါ်တင်ပြီး ထပ်လိပ်လိုက်ပါ။ ဒီလိုနဲ့ ဟင်းရွက်လိပ်အဝတ်စတစ်ခုရရှိလာပါလိမ့်မယ်။ ထို့နောက် ထိုအဝတ်စကို လေလုံဘူးထဲ ထည့်ပိတ်ထားပြီးနောက် ရေခဲသေတ္တာထဲမှာ ထည့်သိမ်းထားလိုက်ပါ။ ဒါဆိုရင်တော့ ဟင်းသီးဟင်းရွက်များ လတ်လတ်ဆတ်ဆတ်နဲ့ ရေရှည်အထားခံမှာပဲဖြစ်ပါတယ်။

Source: Brusselsfoodfriends.be