အားလုံးပဲ မင်္ဂလာပါ။ ချက်ရပြုတ်ရ လွယ်ကူတဲ့ဟင်းလျာလေးတွေကို ဝေမျှပေးပါဆိုတဲ့ စာဖတ်ပရိသတ်တွေအတွက် ဒီတစ်ခါမှာတော့ ပန်းဂေါ်ဖီစိမ်း ပဲပြားချိုချဉ်ကြော် ပြုလုပ်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ဟင်းရွက်ပြုတ်ရည် စားပွဲတင်ဇွန်း ၄ ဇွန်း
  • ပဲငံပြာရည်အကြည် စားပွဲတင်ဇွန်း ၂ ဇွန်း
  • ဟင်းချက်ဝိုင် စားပွဲတင်ဇွန်း ၂ ဇွန်း
  • ဆန်ရှာလကာရည် စားပွဲတင်ဇွန်း ၁ ဇွန်း
  • ခရမ်းချဉ်သီးအနှစ် စားပွဲတင်ဇွန်း ၄ ဇွန်း

  • ပန်းဂေါ်ဖီစိမ်း တစ်ပွင့် (အနေတော် အပွင့်ငယ်များ လှီးဖြတ်ထားပါ)
  • ဟင်းသီးဟင်းရွက်ဆီ စားပွဲတင်ဇွန်း ၂ ဇွန်း
  • ပဲပြား ၄၅၀ ဂရမ်
  • ကြက်သွန်နီ တစ်ခြမ်း (ပါးပါးလှီးထားပါ) နှင့် ကြက်သွန်ဖြူ ၃ မြွှာ (နုပ်နုပ်စဉ်းထားပါ)
  • နုပ်နုပ်စဉ်းထားသော ဂျင်း လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ပန်းကန်လုံးအသေးတစ်လုံးထဲတွင် ဟင်းရွက်ပြုတ်ရည်၊ ပဲငံပြာရည်အကြည်၊ ဟင်းချက်ဝိုင်၊ ဆန်ရှာလကာရည်နှင့် ခရမ်းချဉ်သီးအနှစ်တို့ကို သမအောင် ရောမွှေထားလိုက်ပါ။

၂။ ဒယ်အိုးကို အပူပေးပြီး ရေ စားပွဲတင်ဇွန်း ၄ ဇွန်းထည့်ပါ။ ပန်းဂေါ်ဖီစိမ်းများကို အိုးထဲထည့်ကာ အဖုံးအုပ်ပြီး တစ်မိနစ်ခန့် ပြုတ်ပေးလိုက်ပါ။ ထို့နောက် ပန်းဂေါ်ဖီစိမ်းများကို ပန်းကန်ထဲသို့ ဆယ်ထည့်ထားပါ။ အိုးထဲတွင် ကျန်ခဲ့သောရေများကို ခပ်ထုတ်လိုက်ပါ။ ပြီးရင်တော့ သန့်စင်သောရေဖြင့် အိုးကို ခြောက်သွေ့အောင် သုတ်ပေးလိုက်ပါ။

၃။ ဒယ်အိုးထဲသို့ ဆီ စားပွဲတင်ဇွန်း ၁ ဇွန်းထည့်ပါ။ ဆီပူလာပါက ပဲပြားထည့်ပြီးနောက် ၅ မိနစ်ခန့်ကြာပါက အခြားတစ်ဖက်သို့လှန်ကာ ဆက်ကြော်ပေးလိုက်ပါ။ ပြီးရင်တော့ ပဲပြားကြော်ကို ပန်းကန်ပြားထဲသို့ ပြောင်းထည့်ပေးလိုက်ပါ။

၄။ ဒယ်အိုးထဲသို့ ဂျင်းနှင့် ကြက်သွန်ဖြူတို့ထည့်ပြီး အနံ့မွှေးလာသည်အထိ ဆီသတ်ပါ။ ပြီးရင်တော့ အဆင့် (၁) က ပြုလုပ်ထားသောဆော့စ်ကို အိုးထဲလောင်းထည့်ကာ မွှေပေးလိုက်ပါ။ ပဲပြားကြော်ထည့်ပြီး ၂ မိနစ်၊ ၃ မိနစ်ခန့် တည်ထားလိုက်ပါ။

၅။ ပန်းကန်ပြားထဲတွင် ပြုတ်ထားသော ပန်းဂေါ်ဖီအစိမ်းများ ဖြန့်ကျက်ထားလိုက်ပါ။ ထို့နောက် ပဲပြားကြော်နှင့် ဆော့စ်များကို ပန်းဂေါ်ဖီစိမ်းပေါ်တွင် တင်ပေးလိုက်ပါ။

ဒါဆိုရင်တော့ အရသာရှိတဲ့ ပန်းဂေါ်ဖီစိမ်း ပဲပြားကြော်လေး ရရှိသွားပါပြီ။

Source: Omnivorescookbook.com