အားလုံးပဲ မင်္ဂလာပါ။ ပင်လယ်စာ ပုစွန်ဟင်း ကြိုက်နှစ်သက်ကြသူများအတွက် ဒီတစ်ခါမှာတော့ ပုစွန် ဟင်းရွက်ရောကြော်ဟင်းလျာ ကြော်ချက်နည်းလေးကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ပုစွန် ၁ ပေါင်ခွဲ (ရေဆေးပြီး အခွံခွာထားပါ)
  • ရွှေပဲသီးနှင့် ငရုတ်ပွ ပန်းကန်လုံး ၃ လုံးစာ
  • ဆားနှင့် ငရုတ်ကောင်းမှုန့် အနည်းငယ်
  • ဟင်းရွက်ဆီ စားပွဲတင်ဇွန်း ၁ ဇွန်း
  • ကြက်သွန်မြိတ်နှင့် နှမ်းစေ့ အနည်းငယ် (အလှဆင်ရန်)

  • ပဲငံပြာရည် စားပွဲတင်ဇွန်း ၄ ဇွန်းနှင့် ရေ စားပွဲတင်ဇွန်း ၈ ဇွန်း
  • သကြားညို စားပွဲတင်ဇွန်း ၃ ဇွန်းနှင့် ပျားရည် စားပွဲတင်ဇွန်း ၁ ဇွန်း
  • ပါးပါးလှီးထားသော ကြက်သွန်ဖြူနှင့် ဂျင်း လက်ဖက်ရည်ဇွန်း ၂ ဇွန်း
  • နှမ်းဆီ လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ပြောင်းမှုန့် စားပွဲတင်ဇွန်း ၁ ဇွန်းနှင့် လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ပြုလုပ်နည်း အဆင့်ဆင့်

၁။ အိုးတစ်လုံးကို အပူပေးပြီးနောက် ပဲငံပြာရည်၊ ရေ၊ သကြားညို၊ ဂျင်း၊ ကြက်သွန်ဖြူ၊ ပျားရည်နှင့် နှမ်းဆီတို့ထည့်ကာ သကြားပျော်ဝင်သွားသည်အထိ အဆက်မပြတ်မွှေပါ။

ထို့နောက် မီးအပူပြင်းပြင်းဖြင့် ပွက်ပွက်ဆူလာအောင် တည်ပါ။

၂။ ရေအေး စားပွဲတင်ဇွန်း ၂ ဇွန်းနှင့် ပြောင်းမှုန့် စားပွဲတင်ဇွန်း ၂ ဇွန်းကို သမအောင် ရောမွှေပါ။ ရရှိလာတဲ့ ပြောင်းမှုန့်ရည်ကို အိုးထဲထည့်ပြီး ၂ မိနစ်ခန့် တည်ပါ။ ဆော့စ်အရည် ပျစ်သွားပြီဆိုရင်တော့ ပန်းကန်လုံးထဲ ပြောင်းထည့်ထားပါ။

၃။ အခြားဒယ်အိုးတစ်လုံးကို အပူပေးပြီး ဟင်းရွက်ဆီ လက်ဖက်ရည်ဇွန်း ၁ ဇွန်းထည့်ပါ။ ဆီပူလာပါက ရွှေပဲသီးနှင့် ငရုတ်ပွ၊ ဆား၊ ငရုတ်ကောင်းမှုန့်တို့ထည့်ကာ ၃ မိနစ်မှ ၅ မိနစ်ခန့် မွှေကြော်ပါ။

၄။ ဟင်းရွက်များ နူးသွားပါက ရေ စားပွဲတင်ဇွန်း ၂ ဇွန်းထည့်ကာ ရေများ ခမ်းသွားသည်အထိ စောင့်ပါ။ ရေခမ်းသွားပါက ဒယ်အိုးပေါ်က ချလိုက်လို့ရပါပြီ။

၅။ တစ်ဖန် ဒယ်အိုးထဲသို့ ဆီ လက်ဖက်ရည်ဇွန်း ၂ ဇွန်းထည့်ပါ။ ဆီပူလာပါက ပုစွန်များထည့်ပြီး ဆား၊ ငရုတ်ကောင်းမှုန့်တို့ထည့်ကာ ၂ မိနစ်၊ ၃ မိနစ်ခန့် မွှေကြော်လိုက်ပါ။

၆။ ထို့နေက် ဒယ်အိုးထဲသို့ ဟင်းရွက်ကြော်များ ပြန်ပေါင်းထည့်ပါ။ ဆော့စ်များ လောင်းထည့်ပြီး အလယ်အလတ်မီးအပူချိန်ဖြင့် ၂ မိနစ်ခန့် ကြော်ပေးလိုက်ပါ။

ထိုအဆင့်များအားလုံး ပြီးသွားတဲ့အခါမှာတော့ မီးဖိုပေါ်ကချပြီး ပန်းကန်ပြားထဲ ပြောင်းထည့်ပေးလိုက်ပါ။ နှမ်းစေ့၊ ကြက်သွန်မြိတ်တို့ ဖြူးထည့်ပြီး ဟင်းပွဲကို အလှဆင်ပါ။ ဒါဆိုရင်တော့ အရသာရှိတဲ့ ပုစွန် ဟင်းရွက်ရောကြော်ဟင်းလေး ရရှိသွားပါပြီ။

Source: Dinneratthezoo.com