ထိုင်းအစားအစာကြိုက်တဲ့သူတွေအတွက် ဒီတစ်ခါမှာတော့ ထိုင်းစတိုင်လ် ကြက်သားထမင်းကြော်နည်းကို မျှဝေပေးလိုက်ပါတယ်။ တစ်ခါတစ်လေ ဟင်းနဲ့စားရတာရိုးလာရင် ထမင်းကြော်လေးပြောင်းစားကြည့်နော်။

ပန်းကန်လုံးထဲကို ကြက်သား – ၁၅၀ ဂရမ် ကို အတုံးသေးသေးလေးတွေဖြစ်အောင် လှီးထည့်ပါ။ ပြီးရင် ငံပြာရည် – လက်ဖက်ရည်ဇွန်း ၁ ဇွန်းထည့်ပြီး သမအောင်နယ်ပါ။

Lacinato kale လို့ခေါ်တဲ့ ကိုက်လန်အရွက် ၂ ရွက်ကို အရိုးသပ်သပ်၊ အရွက်သပ်သပ်လှီးပြီး ပန်းကန်ထဲ ခွဲထည့်ထားပါ။

ငရုပ်သီးခြောက်ကို တစ်တောင့်ယူပြီး အထဲက အစေ့တွေဖယ်ထုတ်ကာ သေးသေးလေးဖြစ်အောင် လှီးပါ။

စကြော်ဖို့အတွက် ဒယ်အိုးထဲကို ဆီထည့်ပြီး နယ်ထားတဲ့ကြက်သားတွေ ထည့်ကြော်ပါ။ ရပြီဆိုရင် ပန်းကန်ထဲ ခူးထုတ်ပါ။

ဒယ်အိုးထဲကို ဆီထပ်ထည့်ပြီး ကြက်သွန်နီ တစ်လုံး သေးသေးလေးတွေလှီးထည့်ပါ။ ကြက်သွန်ဖြူ ၃ တက်ကိုလည်း သေးသေးလေးတွေလှီးထည့်ပါ။ ခုနကလှီးထားတဲ့ ငရုပ်သီးခြောက်လည်း ထည့်မွှေပါ။

ခဏနေရင် လှီးထားတဲ့ ကိုက်လန်အရိုးတွေကိုထည့်ပါ။ ပြီးရင် ကြက်ဥ ၂ လုံး ဖောက်ထည့်ပြီး မွှေပါ။

ထမင်းကို ဇလုံတစ်လုံးစာထည့်ပြီး မွှေပါ။ ပြီးရင် ငံပြာရည် – လက်ဖက်ရည်ဇွန်း ၂ ဇွန်း၊ ငါးငံပြာရည် – လက်ဖက်ရည်ဇွန်း ၂ ဇွန်း၊ သကြား – လက်ဖက်ရည်ဇွန်း ၁ ဇွန်း၊ ပဲငံပြာရည် – အနည်းငယ်ထည့်ပြီး သမအောင်မွှေပါ။

လှီးထားတဲ့ ကိုက်လန်အရွက်တွေထည့်ပါ။ ကြော်ထားတဲ့ကြက်သား ထည့်ပါ။ ငရုပ်ကောင်းမှုန့် – အနည်းငယ် ထည့်ပြီး သမအောင်မွှေကာ ကြော်နေပေးပါ။

ရပြီဆိုရင်တော့ ပန်းကန်ထဲထည့်ပြီး စားလို့ရပါပြီ။ ဒါဆိုရင်တော့ အရသာရှိတဲ့ ထိုင်းစတိုင်လ် ကြက်သားထမင်းကြော်ကို ရရှိသွားပါပြီ။

Source: www.hotthaikitchen