အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာတော့ အာလူး ကြက်သားဟင်းကို အုန်းနို့နဲ့ ဘယ်လိုရောချက်ရမလဲဆိုတာကို ဝေမျှပေးချင်ပါတယ်။

ဟင်းအနှစ် ပြုလုပ်ရန်အတွက် လိုအပ်သောပါဝင်ပစ္စည်းများ

  • ဂျင်းတုံး အသေးတစ်တုံး၊ ကြက်သွန်နီ ၁ ဥနှင့် ကြက်သွန်ဖြူ ၅ မြွှာ (ပါးပါးလှီးထားပါ)
  • နနွင်းမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်းနှင့် ငရုတ်ကောင်းမှုန့် အနည်းငယ်
  • ငရုတ်သီး ၂ တောင့် (ပါးပါးလှီးထားပါ)
  • သံပုရာရည် စားပွဲတင်ဇွန်း ၃ ဇွန်း
  • ငါးငံပြာရည် စားပွဲတင်ဇွန်း ၃ ဇွန်း

  • Ketchup စားပွဲတင်ဇွန်း ၂ ဇွန်း
  • သကြားညို စားပွဲတင်ဇွန်း ၁ ဇွန်း
  • ပုစွန်ငါးပိ လက်ဖက်ရည်ဇွန်း ၁ ဇွန်း

အဓိကပါဝင်ပစ္စည်းများ

  • အုန်းနို့ စည်သွပ်ဘူး ၁ ဘူး
  • ဟင်းရွက်ဆီ စားပွဲတင်ဇွန်း ၂ ဇွန်းနှင့် ကြက်ပြုတ်ရည် စားပွဲတင်ဇွန်း ၈ ဇွန်း
  • ရှောက်ရွက် ၂ ရွက်ခန့်
  • ကြက်သား ၂ ပေါင် (ကြက်ရင်အုံသား သို့မဟုတ် ကြက်ပေါင်သား)
  • ခရမ်းချဉ်သီး ၂ လုံးနှင့် အာလူး ၂ လုံး (အတုံးသေးသေး တုံးထားပါ)

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ဟင်းအနှစ် ပြုလုပ်ရန်အတွက် လိုအပ်သောပါဝင်ပစ္စည်းများအားလုံးကို ဖျော်စက်ထဲထည့်ပြီး သမအောင် မွှေပေးလိုက်ပါ။

၂။ အုန်းနို့ စားပွဲတင်ဇွန်း ၄ ဇွန်းခန့် ထည့်ပြီး ထပ်မွှေပေးလိုက်ပါ။

၃။ ဒယ်အိုးကို အပူပေးပြီး ဟင်းရွက်ဆီ စားပွဲတင်ဇွန်း ၂ ဇွန်းထည့်ပါ။ ဆီပူလာပါက စောစောက ပြုလုပ်ထားသော ဟင်းအနှစ်များထည့်ပြီး ၁ မိနစ်ခန့် မွှေပေးလိုက်ပါ။

၄။ ဟင်းအနှစ်က မွှေးလာပြီဆိုရင်တော့ ကြက်သားထည့်ပြီး သမအောင် မွှေပေးလိုက်ပါ။

၅။ ထို့နောက် ကြက်ပြုတ်ရည်နှင့် ကျန်ရှိနေသော အုန်းနို့များထည့်ပြီး သမအောင် မွှေပါ။

၆။ အာလူးနှင့် အနံ့မွှေးဖို့ရန်အတွက် ရှောက်ရွက်ထည့်ပြီးနောက် အဖုံးအုပ်ထားကာ ၁၅ မိနစ်ခန့် ဆူလာအောင် တည်ထားလိုက်ပါ။

၇။ သတ်မှတ်ချိန်ပြည့်ပါက ခရမ်းချဉ်သီးထည့်ပြီး နောက်ထပ် ၁၅ မိနစ်ခန့် တည်ထားပါ။ မကြာခဏ မွှေပေးဖို့လည်း လိုပါတယ်။

အရသာအပေါ့အငန်မြည်းကြည့်လိုက်လို့ အရမ်း ငန်နေတယ် (သို့) ချိုနေတယ်ဆိုရင် သံပုရာရည် အနည်းငယ် ထပ်ထည့်နိုင်ပါတယ်။ ဒါမှမဟုတ် စပ်စပ်လေး စားချင်တယ်ဆိုရင်တော့ ငရုတ်သီး နည်းနည်း ထပ်တည့်ပေးလိုက်ပါ။

၈။ ၁၅ မိနစ်လည်း ပြည့်သွားပြီး အာလူးရော ကြက်သားရော နူးအိသွားပြီဆိုရင်တော့ မီးဖိုပေါ်က ချလိုက်လို့ရပါပြီ။

ဒါဆိုရင်တော့ အရသာရှိတဲ့ အုန်းနို့ ကြက်သားဟင်းလေး ရရှိသွားပါပြီ။

Source : Thespruceeats.com