ဝိတ်ချနေတဲ့သူတွေနဲ့ အသီးအရွက်ကြော်ကြိုက်တဲ့သူတွေအတွက် ဝိတ်ချနေတဲ့သူတွေအတွက် အရသာရှိတဲ့ ထိုင်းစတိုင်လ် အစိမ်းကြော် ပြုလုပ်နည်းကို မျှဝေပေးလိုက်ပါတယ်။

လှီးထားတဲ့ ဂေါ်ဖီထုပ် – ခွက်တစ်ခွက်စာ၊ လှီးထားတဲ့ မုန်လာဥနီ – ၁ လုံး၊ ပန်းပွင့် – အနည်းငယ်၊ shiitake လို့ခေါ်တဲ့ မှို – အနည်းငယ်၊ လှီးထားတဲ့ ပဲပုစွန်သီး – ၁၀ တောင့်၊ လှီးထားတဲ့ ကိုက်လန် – ၃ ပင်တို့ကို အဆင်သင့်လုပ်ထားပါ။

ပန်းကန်လုံးထဲကို ခရုဆီ – စားပွဲတင်ဇွန်း ၂ ဇွန်း၊ ပဲငံပြာရည်အကြည် – လက်ဖက်ရည်ဇွန်း ၂ ဇွန်း၊ ငံပြာရည် – လက်ဖက်ရည်ဇွန်း ၂ ဇွန်း၊ ရေ – စားပွဲတင်ဇွန်း ၂ ဇွန်းတို့ကို ထည့်ပြီးမွှေပေးပါ။

ဓားပြားရိုက်ထားတဲ့ ငရုပ်သီးတောင့် – ၄ တောင့်နဲ့ နုတ်နုတ်ဆင်းထားတဲ့ ကြက်သွန်ဖြူ – ၅ တက်ကိုလည်း အဆင်သင့်လုပ်ထားပါ။

စကြော်ဖို့အတွက် ဒယ်အိုးကို မီးဖိုပေါ်တင်ပြီး ဆီထည့်ပါမယ်။ ဓားပြားရိုက်ထားတဲ့ ငရုပ်သီးတောင့်နဲ့ နုတ်နုတ်ဆင်းထားတဲ့ ကြက်သွန်ဖြူကို အရင်ထည့်ကြော်ပါမယ်။ ပြီးတာနဲ့ ပန်းပွင့်နဲ့ မုန်လာဥနီကို အရင်ထည့်ကြော်ပါမယ်။ ရေနည်းနည်းလေး ထည့်ကြော်ပေးပါ။

နည်းနည်းနူးပြီဆိုရင် ဂေါ်ဖီ၊ မှို၊ ပဲပုစွန်သီးနဲ့ ကိုက်လန်အရိုးတွေကို အရင်ထည့်ကြော်ပါမယ်။ ဆား – လက်ဖက်ရည်ဇွန်း ၁ ဇွန်းထည့်ပါမယ်။

နူးပြီဆိုရင်တော့ နောက်ဆုံးကျန်တဲ့ ကိုက်လန်အရွက်တွေကို ထည့်ကြော်ပါမယ်။

အားလုံးနူးပြီဆိုရင်တော့ ပန်းကန်ထဲခူးထည့်ပြီး စားသုံးနိုင်ပါပြီ။ ဒါဆိုရင်တော့ စားနေကျပုံစံတွေနဲ့ ကွဲထွက်နေတဲ့ အစိမ်းကြော် (အသီးအရွက်အစုံကြော်) ကို ရရှိသွားပါပြီ။

Source: www.pailin’skitchen