လူမျိုးမရွေး ကြိုက်နှစ်သက်တဲ့ သင်္ဘောသီးထောင်းပါ။ နေရာတိုင်းမှာ ကျယ်ပြန့်စွာ ရောင်းပါတယ်။ အရသာမပြင်းဘဲ ချိုချဉ်စပ်လေးမို့လူတော်တော် များများကြိုက်ပါတယ်။

ယိုးဒယား သင်္ဘောသီးထောင်း (ဆွမ့်တမ်ထိုင်း) (၁ ပွဲစာ)
ပါဝင်ပစ္စည်းများ

  • သင်္ဘောသီး ခြစ် – လက် တဆုပ်စာခန့်
  • မုန်လာဥနီခြစ် – သင်္ဘောသီး ခြစ်ရဲ့ငါးပုံတစ်ပုံခန့်
  • ပဲတောင့်ရှည် – ၁ တောင့်
  • ခရမ်းချဉ်သီး – ၁ လုံး
  • သံပုရာသီး – ၁ လုံး

Source: Moody Little Kitchen

  • ထန်းလျက်ခဲ – ၂ ခဲ
  • ပုဇွန်ခြောက် – ၁ ဇွန်း (ထမင်းစားဇွန်း)
  • မြေပဲဆားလှော်- ၁ ဇွန်း (ထမင်းစားဇွန်း)
  • ငရုတ်စိမ်းတောင့် နှင့် အနီတောင့် – ၃ တောင့် (မိမိနှစ်သက်သလို)
  • ကြက်သွန်ဖြူ – ၂ တက် (အခွံမချွတ်ရသေးတာပိုမွှေးပါတယ်)

ပြုလုပ်နည်း
သင်္ဘောသီးကို ခြစ်ထားပါ။ ကျွတ်ကျွတ်လေးနဲ့တောင့်တောင့်လေး စားချင်ရင်တော့ စိတ်ရှည်ရှည်နဲ့အမျှင်သေးသေးလေးဖြစ်အောင် လှီးထားပါ။ သင်္ဘောသီးမျှင်တွေကို ရေခဲရေစိမ်ထား သို့မဟုတ် ရေခဲသေတ္တာထဲ ၁နာရီလောက်ထည့်ထားပါ။

ပွဲပြင်ဆင် တော့မယ်ဆို ငရုတ်ဆုံထဲ ထမ်းလျက်ခဲတွေ ကြေအောင် အရင်ထောင်းပါ။ ပြီးနောက်ဖယ်ထားပါ။

နောက် ကြက်သွန်ဖြူ၊ ငရုတ်သီးစိမ်းနှင့် အနီတောင့်တွေကို မညက်တညက်လေး ထောင်းထားပါ။ သံပုရာသီးကို အူတိုင်ထုတ်၊ ၃ စိတ်လှီး ပြီး အရည်ရော သံပုရာသီး အခွံတွေပါ ထည့်ထောင်းပါ။ ခုနက ဖယ်ထားတဲ့ ထန်းလျက်ခဲအကြေတွေထည့်ပါ။

ပဲတောင့်ရှည်ကို လက်တဆစ်ခန့် ဖဲ့ခြွေ၊ ခရမ်းချဉ်သီးကို ခပ်ကြမ်းကြမ်း လှီးထည့်ပါ။ ပုဇွန်ခြောက်ထည့်ပါ။

လက် တဘက်က ဇွန်းကိုင်၊ တဘက်က ကျည်ပွေ့ကိုင်ပြီး အားလုံးကို ထောင်းရုံပြု (ပွတ်ချေ) ပေးပါ။ နောက်ဆုံး ခြစ်ထားတဲ့ သင်္ဘောသီးနဲ့မုန်လာဥနီတွေ ထည့်ပြီး သမသွားအောင် ပွတ်ချေ ပေးပါ။

နုံ့ပြီဆို မြည်းကြည့်ပါ။ အပေါ့အငံ လိုချင်တဲ့အတိုင်း ဆား၊ ငါးငံပြာရည်၊ အချိုမှုန့်နှစ်သက်ရာထည့်ပါ။

နောက်ဆုံးမှာ မြေပဲဆားလှော် အခွံချွတ်ကို ဖြူးထည့်ပါ။

ရေခဲစိမ် ထားတဲ့ ကန်စွန်းရိုးနီ၊ ပဲတောင့်ရှည်၊ ဂေါ်ဖီထုပ် လတ်လတ် ဆတ်ဆတ် လေးတွေနဲ့ တွဲဖက် စားသုံး ကြည့်ရင် လတ်ဆတ် တဲ့ ယိုးဒယားသင်္ဘောသီးထောင်း စစ်စစ်ကို စားနိုင်ပါပြီ။ (ထိုင်းလူမျိုးတွေက သင်္ဘောသီးထောင်းကို ကောက်ညှင်းပေါင်း၊ ကြက်ကင် (သို့) ကြက်ကြော်တို့နဲ့ တွဲဖက် စားသုံးလေ့ ရှိကြပါတယ်။)

Credit: Thailand Go ထိုင်းနိုင်ငံမှာလည်ကြမယ်