ကန်စွန်းရွက်ကြော်ကို မှန်မှန်စားသုံးပေးခြင်းအားဖြင့် ကျန်းမာရေးအကျိုးကျေးဇူးအမြောက်အမြား ရရှိနိုင်ပါတယ်။

ကိုလက်စတောပမာဏကို လျော့ချပေးခြင်း၊ နှလုံးရောဂါ။ အသည်းရောဂါ၊ ကင်ဆာရောဂါ၊ အစာမကျေခြင်း၊ ဝမ်းချုပ်ခြင်း အစရှိတဲ့ ရောဂါများမှ ကာကွယ်ပေးပြီး မျက်လုံးအားလည်း ကောင်းစေပါတယ်။ ဒါ့အပြင် ကိုယ်ခံစွမ်းအားကိုလည်း မြှင့်တင်ပေးနိုင်တဲ့ ဟင်းရွက်တစ်မျိုးပါ။

ထိုဟင်းရွက်ကို ကျန်းမာရေးနဲ့လည်း ညီညွှတ်အောင် အရသာလည်း ရှိအောင် ထိုင်းစတိုင်လ် ကြော်နည်းလေးလည်း ကြော်စားလို့ရအောင် ဝေမျှပေးလိုက်ပါတယ်။

ပါဝင်ပစ္စည်း

  • ကန်စွန်းရွက် ၁ စည်း
  • ငရုတ်သီးတောင့် ၃ တောင့်
  • ကြက်သွန်ဖြူ ၆ မြွှာ
  • ပဲပိစပ်အနှစ် စားပွဲတင်ဇွန်း ၁ ဇွန်း
  • ဆန်ဝိုင် စားပွဲတင်ဇွန်း ၁ ဇွန်း

  • ခရုဆီ စားပွဲတင်ဇွန်း ၁ ဇွန်း
  • ပဲငံပြာရည် စားပွဲတင်ဇွန်း ၁ ဇွန်း
  • သကြား စားပွဲတင်ဇွန်း တစ်ဝက်
  • ဟင်းချက်ဆီ စားပွဲတင်ဇွန်း ၄ ဇွန်း
  • ရေအနည်းငယ်

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ကန်စွန်းရွက်များကို ရေဖြင့် စင်ကြယ်အောင် ဆေးကြောပါ။ ထို့နောက် အရွက်နှင့် အရိုးများကို ချွေထားပါ။

ကြက်သွန်ဖြူကို အခွံခွာပြီးနောက် ငရုတ်ဆုံထဲ ညှက်နေအောင် ထည့်ထောင်းပါ။ ငရုတ်သီးတောင့်များပါ တစ်ပါတည်း ထည့်ထောင်းပါ။ ထို့နောက် သပ်သပ်ဖယ်ထားပါ။

၂။ ပန်းကန်လုံးတစ်လုံးထဲတွင် ပဲပိစပ်အနှစ် စားပွဲတင်ဇွန်း ၁ ဇွန်း၊ ဆန်ဝိုင် စားပွဲတင်ဇွန်း ၁ ဇွန်း၊ ခရုဆီ စားပွဲတင်ဇွန်း ၁ ဇွန်း၊ ပဲငံပြာရည် စားပွဲတင်ဇွန်း တစ်ဝက်၊ သကြား စားပွဲတင်ဇွန်း တစ်ဝက်တို့ထည့်ကာ သမအောင် ရောမွှေပါ။

၃။ ထို့နောက် ဒယ်အိုးကို အပူပေးပြီး ဆီ စားပွဲတင်ဇွန်း ၄ ဇွန်းထည့်ပါ။ ဆီပူလာပါက ကြက်သွန်ဖြူ ငရုတ်သီးထောင်းတို့ ထည့်ကာ ဆီသတ်ပါ။

၄။ ထို့နောက် ကန်စွန်းရိုးများ အရင်ထည့်ပါ။ ကျန်ရှိနေသော ပဲငံပြာရည် စားပွဲတင်ဇွန်း တစ်ဝက်ထည့်ပြီး စက္ကန့် ၃၀ ခန့် ကြော်ပါ။

၅။ ထို့နောက် ကန်စွန်းရွက်များ ထည့်ပြီး အဆင့် (၂) က ပြုလုပ်ထားသော ပဲပိစပ်အရောအနှောများ လောင်းထည့်ကာ သမအောင် ရောမွှေပါ။

၆။ စက္ကန့် ၂၀ ခန့် မွှေကြော်ပြီးတဲ့အခါ အရသာအပေါ့အငန်မြည်းကြည့်လိုက်ပါ။ လိုအပ်ပါက ဆား အနည်းငယ် ထပ်ထည့်နိုင်ပါတယ်။

အားလုံးပြီးသွားတဲ့အခါမှာတော့ အရသာရှိတဲ့ ကန်စွန်းပလိန်းကြော်လေး ရရှိသွားပါပြီ။

Source: Futuredish.com