ဗီတာမင်စီဓာတ် ကြွယ်ဝစုံလင်စွာပါဝင်တဲ့ သံပုယိုသီးက ကျန်းမာရေးအတွက်လည်း အထူးကောင်းမွန်သလို မီးဖိုချောင်သန့်ရှင်းစေဖို့၊ အနံ့အသက်ဆိုးများ ဖယ်ရှားနိုင်ဖို့၊ ဘက်တီးရီးယားပိုးမွှားများ ဖယ်ရှားနိုင်ဖို့ စသည်ဖြင့်လည်း ဘက်စုံအသုံးပြုနိုင်ပါသေးတယ်။

ဒီတစ်ခါမှာတော့ သံပုယိုသီးကို မီးဖိုချောင်အတွက် ဘယ်လိုအသုံးပြုနိုင်မလဲဆိုတာကို ဖော်ပြပေးချင်ပါတယ်။ အတူတူဆက်လေ့လာကြည့်လိုက်ရအောင်။

ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံများကို တာရှည်ခံအောင် ပြုလုပ်နိုင်ခြင်း

ဈေးက ဝယ်လာတဲ့ ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံများ အပေါ်သို့ သံပုယိုရည်လေး ညှစ်ပေးလိုက်ပါ။ ဒါဆိုရင်တော့ သစ်သီးဝလံများ ပုပ်သိုးမသွားမှာပဲဖြစ်ပါတယ်။

အနံ့အသက်ဆိုးများကို သံပုယိုသီးနဲ့ ဘယ်လိုဖျောက်ဖျက်ပေးရမလဲ

စဉ်းနီတုံးက ငါးညှီနံ့၊ ကြက်သွန်နံ့ နံနေတဲ့အခါ၊ ရေခဲသေတ္တာက သန့်ရှင်းရေး မလုပ်မိလို့ အနံ့ဆိုးတွေ ထွက်နေတဲ့အခါ၊ အမှိုက်ပုံးထဲက အနံ့ဆိုးတွေကို ဖယ်ရှားချင်တဲ့အခါ သံပုယိုရည်ကို အသုံးပြုပေးလိုက်ပါ။ သံပုယိုရည်ကို စဉ်းနီတုံးပေါ် (သို့) အမှိုက်ပုံးထဲ လောင်းချပေးလိုက်ပါ။ အနံ့အသက်ဆိုးတွေကို သံပုယိုရည်က စုပ်ယူပေးသွားပါလိမ့်မယ်။

ဖန်ပုလင်းများကို ဝင်းလက်တောက်ပြောင်ချင်တယ်ဆိုရင်

ဝိုင်ပုလင်း၊ ဝိုင်ဖန်ခွက်၊ ပြတင်းပေါက်မှန်၊ ပန်းအိုးလေးတွေက အရောင်မှိန်နေလို့ စိတ်ညစ်နေပါသလား။ ရေမြှုပ်တုံးပေါ်သို့ သံပုယိုရည် ညှစ်ပေးလိုက်ပါ။ ထို့နောက် ညစ်ပေနေတဲ့ နေရာပေါ်မှာ တိုက်ချွတ်ပေးလိုက်ပါ။

ဒါမှမဟုတ် စပရေးပုလင်းထဲ ရေနဲ့ သံပုယိုရည်များကို ရောနှောကာ ညစ်ပေနေတဲ့ နေရာပေါ် ဖြန်းပြီး ပွတ်တိုက်ပေးလိုက်ပါ။ ဖန်ပုလင်း၊ ဖန်ခွက်များက အသစ်အတိုင်း တောက်ပြောင်လာပါလိမ့်မယ်။

စဉ်းနီတုံးနဲ့ လက်တွေမှာ အရောင်စွန်းထင်းသွားတဲ့အခါ

မုန်လာဥနီ၊ သကြားမုန်လာ၊ ဟင်းနုနွယ်၊ ခရမ်းချဉ်သီး စတဲ့ အစားအစာမျိုးစုံကြောင့် စဉ်းနီတုံးနဲ့ လက်တွေပေါ်မှာ အရောင်စွန်းထင်းသွားတတ်ပါတယ်။ ဒါဆိုရင် သံပုယိုရည်လေးနဲ့ ပွတ်တိုက်ပေးလိုက်ပါ။ ၁၅ မိနစ်ခန့်ကြာမှ ရေဆေးပေးလိုက်ပါ။

Source: Yuppiechef.com