သူ့ရဲ့အပြင်ပန်းအသွင်အပြင်က အစိမ်းရင့်ရောင်ရှိပြီး အထဲမှာကတော့ အစိမ်းနုရောင်ရှိတဲ့အပြင် ရင့်မှည့်သွားပြီဆိုရင်တော့ ခရမ်လို နူးညံ့ပြီး အရသာစိမ့်သက်လေးနဲ့ စားလို့ကောင်းတဲ့အရသာကတော့ ထောပတ်သီးပဲဖြစ်ပါတယ်။

ထောပတ်သီးကို စတင်စားသုံးတဲ့နေရာကတော့ တောင်အမေရိကပဲဖြစ်ပါတယ်။ ဒါပေမဲ့ ယနေ့ခေတ်မှာတော့ ဈေးဆိုင်တွေ စူပါမားကတ်တွေမှာ အလွယ်တကူ ဝယ်ယူရရှိနိုင်ပြီပဲဖြစ်ပါတယ်။ စာဖတ်သူအနေနဲ့ ထောပတ်သီးကို မကြာခဏ စားသုံးသူတစ်ယောက်ဆိုရင်တော့ အခုဖော်ပြပေးမယ့် နည်းလမ်းတွေကို မဖြစ်မနေ သိထားသင့်ဖို့ လိုတယ်နော်။

ထောပတ်သီး မြန်မြန်မှည့်ချင်တယ်ဆိုရင်

ထောပတ်သီးကို အရမ်းစားချင်နေပေမယ့် ထောပတ်သီးက မမှည့်သေးဘူးဆိုရင် စက္ကူအိတ်တစ်လုံးထဲမှာ ငှက်ပျောသီးတွေနဲ့ ရောထည့်ထားလိုက်ပါ။ ထိုသစ်သီးနှစ်ခုစလုံးက ထောပတ်သီးအမှည့်မြန်စေဖို့အတွက် ဓာတ်ငွေ့တွေကို ထုတ်လွှတ်ပေးမှာဖြစ်ပြီး စက္ကူအိတ်ကတော့ ဓာတ်ငွေ့စုပ်ယူမှုအတွက် ကူညီပေးပြီး အမှည့်မြန်စေဖို့အတွက် ကူညီပေးပါတယ်။

ထောပတ်သီး မှည့် မမှည့်၊ ပုပ် မပုပ် စမ်းသပ်ချင်တယ်ဆိုရင်

ထောပတ်သီးရဲ့ထိပ်က အဝိုင်းဖုလေးကို ဖယ်ရှားလိုက်ပါ။ ထိုအဖုလေးကို ဖယ်ရှားလိုက်လို့ ကျန်ခဲ့တဲ့ အချိုင့်နေရာမှာ အဝါရောင် (သို့) အစိမ်းရောင်ကို မြင်တွေ့တယ်ဆိုရင်တော့ ထောပတ်သီးမှည့်ပြီဖြစ်တဲ့အတွက်ကြောင့် စားသုံးနိုင်ပါပြီ။ တကယ်လို့ ထိုအချိုင့်က ညိုနေမယ်ဆိုရင်တော့ စားလို့မရတော့ပါဘူး။ လွှင့်ပစ်လိုက်ပါတော့။

ထောပတ်သီး မခွဲခင် ရေ အရင်ဆေးပါ

အခွံက မာပြီးသားပဲ။ အထဲက ထောပတ်သားကိုပဲ စားမှာကို ဘာလို့ ရေဆေးနေဦးမှာလဲလို့ တွေးထင်မိကြပါလိမ့်မယ်။ လူအများစုက ထောပတ်သီးကို ရေမဆေးဘဲ ဒီအတိုင်း လှီးစားကြတာများပါတယ်။ ဒါက အမှန်တကယ်တော့ ကျန်းမာရေးအတွက် မကောင်းပါဘူး။ ထောပတ်သီးရဲ့အခွံမှာ ဘက်တီးရီးယားတွေ ကပ်ပါးကောင်တွေ ကပ်တွယ်နေကြတာကြောင့် ရေဆေးပြီးမှ စားတာက ကျန်းမာရေးအတွက် အသင့်တော်ဆုံးပါပဲ။

ထောပတ်သီးကို တာရှည်အထားခံချင်တယ်ဆိုရင်

ထောပတ်သီးတစ်ခြမ်းကိုပဲ သုံးပြီးလို့ အခြားတစ်ခြမ်းကို နောက်နေ့တွေမှ စားမယ်ဆိုရင် ထိုထောပတ်သီးအခြမ်းပေါ်သို့ သံပုယိုသီး တစ်ခြမ်း ညှစ်ထည့်ပေးလိုက်ပါ။ ထို့နောက် ရေခဲသေတ္တာထဲမှာ စိတ်ချလက်ချ သိမ်းထားနိုင်ပါပြီ။ သံပုယိုသီးရဲ့ အက်စစ်ဓာတ်က ထောပတ်သီး ညိုမဲမသွားအောင်၊ မပုပ်သွားအောင် ထိန်းထားပေးနိုင်ပါတယ်။

အကြော်လည်း စားချင်တယ် ကျန်းမာရေး ထိခိုက်မှာကိုလည်း စိုးရိမ်တယ်ဆိုရင်

ထောပတ်သီးကြော်လေး လုပ်စားကြည့်လိုက်ပါ။ ထောပတ်သီးကို ပါးပါးလှီးပြီး ပေါင်မုန့်အကြေအစများနဲ့ ကပ်ပေးလိုက်ပါ။ ထို့နောက် ဟင်းသီးဟင်းရွက်ဆီ နည်းနည်းနဲ့ ထည့်ကြော်ပေးလိုက်ပါ။ ကယ်လိုရီ ပါဝင်မှုနည်းတဲ့အတွက် ဝိတ်တက်လာမှာကိုလည်း စိုးရိမ်စရာမလိုပါဘူး။

Source: Ba-bamail.com