ဟင်းပွဲများအားလုံး ချက်ပြုတ်ပြင်ဆင်ပြီးသွားပေမယ့် ဟင်းရည်ချက်ပြုတ်ဖို့ အချိန်အများကြီး မပေးနိုင်တော့ဘူး။ ဟင်းချက်ရတာ လူလည်း နည်းနည်းပင်ပန်းသွားပြီဆိုရင်တော့ အချိန်လည်း အများကြီး ပေးစရာမလို၊ လူလည်း သိပ်မပင်ပန်း၊ ချက်ပြုတ်နည်း အဆင့်ဆင့်ကလည်း လွယ်ကူတဲ့ ပဲပြားမုန်ညှင်းဟင်းရည်ကိုသာ ချက်ပြုတ်လိုက်ပါ။

ပါဝင်ပစ္စည်းများ

  • ပဲပြား ၁ တုံး
  • မုန်ညှင်းရွက် ၂၅၀ ဂရမ်
  • ဆား လက်ဖက်ရည်ဇွန်း ၁ ဇွန်းနှင့် နှမ်းဆီ စားပွဲတင်ဇွန်း တစ်ဝက်
  • လက်မအရွယ်အစားရှိ ဂျင်းတုံးတစ်တုံး (အချောင်းလိုက် ပါးပါးလှီးထားပါ)
  • ရေ ၂ လီတာခွဲ

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ပဲပြားကို အတုံးခပ်ကြီးကြီး တုံးထားပါ။ မုန်ညှင်းရွက်ကိုလည်း အနေတော် အရွယ်အစားခန့် လှီးဖြတ်ထားလိုက်ပါ။

၂။ ဒန်အိုးအကြီးတစ်လုံးထဲတွင် ပဲပြား၊ ဂျင်းနှင့် ရေ ၂ လီတာခွဲတို့ထည့်ကာ ဆူပွက်လာအောင် တည်ထားလိုက်ပါ။

၃။ ပွက်ပွက်ဆူလာပါက မုန်ညှင်းရွက်ထည့်ကာ နှမ်းဆီ စားပွဲတင်ဇွန်းတစ်ဝက်ထည့်လိုက်ပါ။ ထို့နောက် ၁ မိနစ်ခန့် တည်ထားလိုက်ပါ။ ပြီးရင်တော့ ဆားထည့်ပြီး အရသာအပေါ့အငန်မြည်းကြည့်လိုက်ပါ။

ဒါဆိုရင်တော့ အရသာရှိတဲ့ ပဲပြား မုန်ညှင်းဟင်းရည်လေး ရရှိသွားပါပြီ။ ပဲပြားတုံးများကိုတော့ မိမိနှစ်သက်ရာ အချဉ်ရည်ဖြင့် အရသာရှိရှိ တို့စားနိုင်ပါတယ်။

ထိုဟင်းရည်နဲ့ အလိုက်ဖက်ဆုံး အချဉ်ရည်ပြုလုပ်ချင်တယ်ဆိုရင်တော့ ဒယ်အိုးကို အပူပေးပြီး ငရုတ်သီးတောင့်များထည့်ပါ။ ငရုတ်သီးတောင့်က အညိုရောင်ပြောင်းသွားပါက ငရုတ်ဆုံထဲ ဆားအနည်းငယ်ဖြင့် ထည့်ထောင်းလိုက်ပါ။

ရရှိလာတဲ့ ငရုတ်နှစ်ကို ပန်းကန်လုံးထဲပြောင်းထည့်ပြီး နုပ်နုပ်စဉ်းထားသော ကြက်သွန်ဖြူ၊ နုပ်နုပ်စဉ်းထားသော ကြက်သွန်မြိတ် (ဖြူသောအစိတ်အပိုင်းသာ)နှင့် ဆီပူပူ တို့ကို သမအောင် ရောမွှေထားလိုက်ပါ။

ရရှိလာတဲ့ ငရုတ်သီးအချဉ်ရည်ကို ပဲပြားနဲ့ တို့စားမယ်ဆိုရင်တော့ အင်မတန်မှ လိုက်ဖက်လှပါတယ်။

Source: Chinasichuanfood.com