ကိုယ်အလေးချိန် လျော့ချလိုသူများအတွက် ဒီတစ်ခါမှာတော့ ဝိတ်ချရာမှာ ကူညီပေးနိုင်တဲ့ ဖျော်ရည်တစ်မျိုးပြုလုပ်နည်းကို ဝေမျှပေးချင်ပါတယ်။ ထိုဖျော်ရည်လေးကတော့ ခရမ်းချဉ်သီး သကြားမုန်လာဖျော်ရည်ပဲဖြစ်ပါတယ်။

ခရမ်းချဉ်သီးက ကယ်လိုရီဓာတ်နည်းပါးပြီး အမျှင်ဓာတ်များ ကြွယ်ဝတဲ့အတွက်ကြောင့် သင့်ကို ဗိုက်ပြည့်စေတဲ့အတွက်ကြောင့် မကြာခဏဗိုက်မဆာအောင် ကူညီပေးပါလိမ့်မယ်။ အမျှင်ဓာတ်ကြွယ်ဝတဲ့ သကြားမုန်လာနဲ့ ပေါင်းစပ်လိုက်တဲ့အခါမှာတော့ ခန္ဓာကိုယ်ရှိ အဆိပ်အတောက်များကို ဖယ်ရှားပေးတဲ့အပြင် စွမ်းအင်ပြည့်ဝအောင်လည်း ကူညီပေးနိုင်ပါတယ်။

ဒါတင်မကသေးပါဘူး။ ထိုဖျော်ရည်ထဲမှာ ပါဝင်တဲ့ ဗီတာမင်စီက ကိုယ်ခံစွမ်းအားကိုလည်း မြှင့်တင်ပေးနိုင်ပါသေးတယ်။ မနက်စောစောမှာ တစ်ခွက်စီ သောက်သုံးပေးခြင်းအားဖြင့် ကျန်းမာရေးကောင်းကျိုးများစွာကို ရယူပိုင်ဆိုင်နိုင်ပါလိမ့်မယ်။

ပါဝင်ပစ္စည်းများ

  • ခရမ်းချဉ်သီး ၂ လုံး၊ ၃ လုံးခန့်
  • သကြားမုန်လာ ၁ လုံး
  • ပင်စိမ်းရွက် ၃ ရွက် (သို့) ၄ ရွက်
  • ဆား အနည်းငယ်
  • ငရုတ်ကောင်းမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်း

  • ပျားရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်းခွဲ
  • သံပုယိုရည် လက်ဖက်ရည်ဇွန်း ၂ ဇွန်း
  • ရေခဲတုံး အနည်းငယ်

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ခရမ်းချဉ်သီးကို အစေ့များ ဖယ်ရှားပြီးနောက် လေးထောင့်အတုံးငယ် လှီးဖြတ်ထားပါ။

၂။ သကြားမုန်လာကိုလည်း အခွံခွာထားပြီးနောက် အတုံးသေးသေး တုံးထားပါ။

၃။ ထိုခရမ်းချဉ်သီးနှင့် သကြားမုန်လာကို ဖျော်စက်ထဲထည့်ပြီး သမအောင် ဖျော်ပေးလိုက်ပါ။ (ရေ ထည့်စရာမလိုပါဘူး။)

၄။ ပင်စိမ်းရွက်ကို ဖျော်စက်ထဲထပ်ထည့်ပြီး ထပ်ဖျော်ပေးလိုက်ပါ။

၅။ ထို့နောက် ဖန်ခွက်တစ်လုံးထဲ ရေခဲတုံး အဆင်သင့်ထည့်ထားလိုက်ပါ။ ဖျော်စက်ထဲက ဖျော်ရည်ကို ရေခဲသေတ္တာထဲ လောင်းထည့်ပြီးနောက် ပျားရည်၊ ငရုတ်ကောင်းမှုန့်၊ ဆားအနည်းငယ်၊ သံပုယိုရည်တို့ထည့်ကာ သမအောင် မွှေပေးလိုက်ပါ။

၆။ ပင်စိမ်းရွက်အနည်းငယ်၊ သံပုယိုသီးစိပ် တစ်ခြမ်းဖြင့် အလှဆင်ကာ ဖျော်ရည် အေးသွားတဲ့အခါမှာတော့ အရသာရှိရှိ သောက်သုံးနိုင်ပါပြီ။

ထိုခရမ်းချဉ်သီး သကြားမုန်လာဖျော်ရည်ကို တစ်နေ့တစ်ခွက် ပုံမှန်သောက်သုံးပေးခြင်းအားဖြင့် ကိုယ်အလေးချိန် လျော့ကျသွားနိုင်တဲ့အပြင် အသားအရေလည်း လှပလာမှာပဲဖြစ်ပါတယ်။

Source: Food.ndtv.com