အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာတော့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ နနွင်းမှုန့်လက်ဖက်ရည် ဖျော်နည်းကို ဝေမျှပေးချင်ပါတယ်။ ဒီနနွင်းမှုန့် လက်ဖက်ရည်က ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးတဲ့အပြင် ပုံမှန်သောက်သုံးပါကလည်း အသားအရေကျန်းမာရေးအတွက် ကောင်းကျိုးအမြောက်အမြား ဆောင်ကျဉ်းပေးနိုင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ရေ ၂၅၀ မီလီလီတာ
  • သကြားအကြမ်း စားပွဲတင်ဇွန်း ၁ ဇွန်း (သို့) ထန်းလျက်ရည် စားပွဲတင်ဇွန်း ၁ ဇွန်း
  • နနွင်းမှုန့် လက်ဖက်ရည်ဇွန်းတစ်ဝက်
  • သစ်ကြမ်းပိုးခေါက်အမှုန့် လက်ဖက်ရည်ဇွန်း ၈ ပုံ ၁ ပုံ
  • ဂျင်းအမှုန့် လက်ဖက်ရည်ဇွန်း ၈ ပုံ ၁ ပုံ

  • ချေမွထားသော ငရုတ်ကောင်းစေ့ (သို့) ငရုတ်ကောင်းမှုန့် လက်ဖက်ရည်ဇွန်း ၈ ပုံ ၁ ပုံ
  • (သကြားနှင့် သစ်ကြမ်းပိုးခေါက်အမှုန့်တို့ကို မထည့်လည်းရပါတယ်။)

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ဒယ်အိုးအသေးတစ်လုံးကို အပူပေးပြီး ရေထည့်ပါ။

၂။ အချို အရသာပေါ်လွင်ချင်ပါက သကြား (သို့) ထန်းလျက်ရည်ထည့် ကျိုပေးပါ။ အချိုရှောင်ချင်ပါက ဒီအဆင့်ကို ကျော်လိုက်လို့ရပါတယ်။

၃။ ထို့နောက် ရေ ပွက်ပွက်ဆူလာအောင် တည်ထားလိုက်ပါ။

၄။ ရေဆူလာပြီဆိုရင်တော့ နနွင်းမှုန့်၊ သစ်ကြမ်းပိုးခေါက်၊ ဂျင်းအမှုန့်နှင့် ငရုတ်ကောင်းမှုန့်တို့ထည့်ကာ တစ်မိနစ်၊ နှစ်မိနစ်ခန့် ထပ်ကျိုပေးလိုက်ပါ။

၅။ ကျိုပြီးသွားတဲ့အခါမှာတော့ ဖန်ခွက်ထဲထည့်ကာ မိနစ်အနည်းငယ်ကြာ အအေးခံထားလိုက်ပါ။

ဒါဆိုရင်တော့ ကျန်းမာရေးအတွက် အထောက်အကူပြုပြီး ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးမယ့် နနွင်းမှုန့် လက်ဖက်ရည်လေး ရရှိသွားပါပြီ။

စာဖတ်သူအနေနဲ့ ချိုချိုချဉ်ချဉ်လေး သောက်သုံးချင်ပါက သံပုယိုရည် အနည်းငယ် ညှစ်ထည့်နိုင်ပါတယ်။

ကလေးငယ်များအတွက် ကျိုတိုက်ချင်တယ်ဆိုရင်တော့ နနွင်းမှုန့်ကို လက်ဖက်ရည်ဇွန်း ၄ ပုံ ၁ ပုံခန့်သာ ထည့်ကျိုပေးရပါမယ်။

Source: Vegrecipesofindia.com