အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာ ဝေမျှပေးချင်တဲ့ ဟင်းလျာလေးကတော့ မုန်လာဥဖြူ ပန်ကိတ်ကြော် ကြော်နည်းပဲဖြစ်ပါတယ်။ မုန်လာဥဖြူကို ဘယ်လိုလုပ်စားရမလဲဆိုပြီး စဉ်းစားရခက်နေသူတွေအတွက် ဆွေမျိုးမေ့သွားစေမယ့် သွားရေစာမုန့်တစ်ခုပဲဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ

  • မုန်ညှင်းဥဖြူ ၂၀ အောင်စ
  • ရေ ၃၇၅ မီလီလီတာ
  • ဆီ
  • ပုစွန်ခြောက် စားပွဲတင်ဇွန်း ၁ ဇွန်း
  • မှိုခြောက် ၅ ပွင့် (ရေစိမ်ပြီးနောက် ပါးပါးလှီးထားပါ)

  • ဝက်အူချောင်း ၁ ချောင်း (အန်စာတုံးအသေး တုံးထားလိုက်ပါ)
  • ကြက်သွန်မြိတ် ၁ ပင် (ပါးပါးလှီးထားပါ)
  • ဂျုံမှုန့် ၁၃၀ ဂရမ်
  • ပြောင်းမှုန့် စားပွဲတင်ဇွန်း ၁ ဇွန်း
  • ဆားနှင့် သကြား လက်ဖက်ရည်ဇွန်း တစ်ဝက်စီ

ပြုလုပ်နည်း အဆင့်ဆင့်

၁။ အိုးတစ်လုံးထဲတွင် မုန်လာဥကို ရေ ၂၅၀ မီလီလီတာဖြင့် ၁၀ မိနစ်ခန့် ထည့်ပြုတ်ထားလိုက်ပါ။ ၁၀ မိနစ်ပြည့်ပါက မုန်လာဥကို ဆယ်ယူလိုက်ပါ။ မုန်လာဥတည်ထားသော ရေကိုလည်း အအေးခံပြီးနောက် ပန်းကန်လုံးတစ်လုံးထဲတွင် ထည့်ထားပါ။

မုန်လာဥကို အအေးခံပြီးနောက် ခြစ်ခုံဖြင့် ခြစ်ထားလိုက်ပါ။

၂။ ဒယ်အိုးကို အပူပေးပြီး ဆီ စားပွဲတင်ဇွန်း ၂ ဇွန်းထည့်ပါ။ ဆီပူလာပါက ပုစွန်ခြောက်၊ မှို၊ ဝက်အူချောင်းတို့ထည့်ကာ ၅ မိနစ်ခန့် ကြော်ပေးလိုက်ပါ။ ထို့နောက် ကြက်သွန်မြိတ်ထည့်ကာ သမအောင် မွှေပေးလိုက်ပါ။ ပြီးရင်တော့ မီးဖိုပေါ်ကချထားကာ အအေးခံထားလိုက်ပါ။

၃။ မုန်လာဥ အရည်ထည့်ထားသော ခွက်ထဲသို့ ဂျုံမှုန့်၊ ပြောင်းမှုန့်၊ ဆား၊ သကြား၊ ငရုတ်ကောင်းမှုန့်တို့ထည့်ကာ သမအောင် မွှေပေးလိုက်ပါ။ ထို့နောက် ပုစွန်၊ မှိုနှင့် ဝက်အူချောင်းတို့ထည့်ကာ သမအောင် နယ်ပေးလိုက်ပါ။ ပြီးရင်တော့ ၁၅ မိနစ်ခန့် နှပ်ထားဖို့ လိုပါတယ်။

၄။ နောက်ဆုံးတစ်ခေါက်အနေနဲ့ မုန့်နှစ်များကို သမအောင် မွှေပြီးတဲ့နောက်မှာတော့ လင်ဗန်းထဲ လောင်းထည့်ကာ မျက်နှာပြင်ကို ညီညာအောင် ညှိပေးလိုက်ပါ။ ထိုလင်ဗန်းကို ပေါင်းအိုးထဲတွင် မိနစ် ၃၀ ခန့် ထည့်ပေါင်းပေးလိုက်ပါ။

၅။ အချိန်ပြည့်ပါက ထိုလင်ဗန်းကို ပေါင်းအိုးထဲကထုတ်ပြီး စဉ်းနီတုံးပေါ်သို့ မှောက်ချလိုက်ပါ။ ဒါဆိုရင်တော့ မုန်လာဥပန်ကိတ်က သူ့အလိုလို အပြင်ထွက်လာပါလိမ့်မယ်။ ထိုမုန်လာဥပန်ကိတ်ကို လက်မဝက်အထူ လှီးဖြတ်ပေးလိုက်ပါ။

၆။ ဒယ်အိုးကို အပူပေးပြီး ဆီ စားပွဲတင်ဇွန်း ၂ ဇွန်းထည့်ပါ။ ဆီပူလာပါက ပါးပါးလှီးထားသော မုန်လာဥပန်ကိတ်ကို ရွှေညိုရောင်ပြောင်းလာသည်အထိ ကြော်ပေးလိုက်ပါ။

ဒါဆိုရင်တော့ ကြွပ်ကြွပ်ရွရွလေးနဲ့ အရသာရှိတဲ့ မုန်လာဥပန်ကိတ်လေး ရရှိသွားပါပြီ။ မိမိကြိုက်နှစ်သက်ရာ အချဉ်ရည်၊ ဆော့စ်တို့ဖြင့် အရသာရှိရှိ စားသုံးနိုင်ပါပြီ။

Source: Thewoksoflife.com