ထောပတ်သီးထဲတွင် ဗီတာမင် ကေ၊ ဗီတာမင် စီ၊ ဗီတာမင် B5 ၊ ဗီတာမင် B6 ၊ ဗီတာမင် အီး၊ ပိုတက်ဆီယမ်နဲ့ အခြားသတ္တုဓာတ်တွေအပြင် အမျှင်ဓာတ်တွေပါဝင်တာကြောင့် ကျန်းမာရေးအတွက် အထောက်အကူပြုပါတယ်။ ဒါတင်မကသေးပါဘူး၊ ထောပတ်သီးမှာ ပါဝင်တဲ့အဆီဓာတ်က ကျန်းမာရေးအတွက် ဆိုးကျိုးမဖြစ်စေဘဲ နှလုံးကျန်းမာရေးအတွက် အထူးကောင်းမွန်တဲ့သစ်သီးတစ်မျိုးပဲဖြစ်ပါတယ်။

ဒီထောပတ်သီးကို အအေးအနေနဲ့လည်း သောက်သုံးလို့ရသလို၊ ထောပတ်သီးကို နို့ဆီ၊ သကြားတို့ကို ခလောက်စားမယ်ဆိုလည်း အရသာရှိပါတယ်။

ပုံစံမျိုးစုံ စားသုံးနိုင်တဲ့ ထောပတ်သီးကို မိမိအိမ်မှာ ကိုယ်တိုင်ကိုယ်ကျ စိုက်ပျိုးချင်တဲ့အခါ

ထောပတ်သီးအစေ့ကို ရေစင်အောင်ဆေးပြီး သွားကြားထိုးတံဖြင့် လေးဘက်လေးတန် ထိုးထားပေးလိုက်ပါ။ ထို့နောက် ရေအပြည့်ဖြည့်ထားသော ဖန်ခွက်ပေါ်တွင် သွားကြားထိုးတံများ တင်ထားလိုက်ပါ။ ရက်အနည်းငယ်ကြာတဲ့အခါ ထောပတ်သီး အစေ့ရဲ့ အောက်ခြေကနေ အညှောင့်လေး ထွက်လာပါလိမ့်မယ်။ ထိုအညှောင့်က တဖြည်းဖြည်းအပေါ်တက်လာပြီး အပင်ငယ်ပုံစံ ပြောင်းသွားပြီဆိုမှ ပန်းအိုးငယ်ထဲ မြေကြီးနဲ့အတူ ထည့်စိုက်လိုက်ပါ။ ဒီနည်းလမ်းနဲ့ မိမိအိမ်မှာ ထောပတ်သီးအပင်စိုက်လို့ရပါတယ်။

ထောပတ်သီး လတ်ဆတ်ရဲ့လား၊ ကောင်း မကောင်းဆိုတာ ဘယ်လိုခွဲခြားမလဲ

ထောပတ်သီးရဲ့ အလယ်အချိုင့်လေးက ဝါကျဉ်ကျဉ်လေးဆိုရင် လတ်ဆတ်တဲ့ထောပတ်သီးပါ။ အဲ့ဒီလိုမှမဟုတ်ဘဲ မဲနေတယ်ဆိုရင်တော့ ထောပတ်သီးက အတွင်းထဲမှာ ပုပ်နေပါပြီ။

ထောပတ်သီးကို ထောပတ်အစား အသုံးပြုနိုင်ပါတယ်။

ကိတ်မုန့်၊ ကွတ်ကီး၊ ချောကလက်ကိတ် စတာတွေ ဖုတ်တဲ့အခါ ထောပတ်အစား ထောပတ်သီးကို အစားထိုးအသုံးပြုခြင်းက ပိုအရသာရှိပြီး ကျန်းမာရေးအတွက် ပိုမိုကောင်းမွန်ပါတယ်။

အမှည့်လွန်နေလို့ ပျော့နေတဲ့ ထောပတ်သီးကို လွှင့်မပစ်ဘဲ ဘယ်လိုအသုံးပြုမလဲ

ဆံပင်ပေါင်းတင်ဆေးအဖြစ် အကျိုးရှိရှိအသုံးချနိုင်ပါတယ်။ ထောပတ်သီးမှည့် တစ်လုံးကို အုန်းဆီ စားပွဲတင်ဇွန်း တစ်ဇွန်း၊ ကြက်ဥ အကာတစ်လုံးတို့နဲ့ သမအောင် ရောမွှေပေးလိုက်ပါ။ ပြီးရင် ဆံကေသာနဲ့ ဦးရေပြားအနှံ့သုတ်လိမ်းပေးလိုက်ပါ။ မိနစ် (၃၀) ကြာမှ မိမိလျှော်နေကျ ခေါင်းလျှော်ရည်နဲ့ လျှော်ချလိုက်ပါ။ ခြောက်သွေ့ ပျက်စီးနေတဲ့ ဆံကေသာပိုင်ရှင်တွေအတွက် အင်မတန်အသုံးဝင်တဲ့ ပေါင်းတင်နည်းပဲဖြစ်ပါတယ်။

ထောပတ်သီး အမှည့်မြန်ချင်တဲ့အခါ

ထောပတ်သီးကို အခုမှ ဝယ်လာတယ်၊ ဖြစ်ချင်တော့ ထောပတ်သီးက မှည့်ဖို့ နှစ်ရက်၊ သုံးရက်လောက် စောင့်ရဦးမယ်။ ဒါပေမဲ့ ကိုယ်က ထောပတ်သီးအရမ်းစားချင်နေပြီဆိုရင်တော့ အမှည့်မြန်အောင် ပန်းသီး၊ ငှက်ပျောသီးတို့နဲ့အတူတူ ကြွပ်ကြွပ်အိတ်ထဲမှာ အတူတူထုပ်ပိုးထားလိုက်ပါ။

ဆန့်ကျင်ဘက်အနေနဲ့ ထောပတ်သီးကို ကြာကြာအထားခံချင်တဲ့အခါ

ထောပတ်သီးကို ထက်ခြမ်းခြမ်းပြီး ထောပတ်သားပေါ်သို့ သံလွင်ဆီ သုတ်လိမ်းပေးလိုက်ပါ။ လတ်လတ်ဆတ်ဆတ်နဲ့ ကြာရှည်အထားခံမှာပဲဖြစ်ပါတယ်။

Source: Buzzfeed.com