အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာတော့ သတ်သပ်လွတ်သမားများပါ စားသုံးနိုင်အောင်လို့ ခေါက်ဆွဲပြုတ်ကို ဟင်းသီးဟင်းရွက်စုံစုံလင်လင်နဲ့ လျှာလည်သွားအောင် ဘယ်လိုပြုတ်စားနိုင်လဲဆိုတဲ့ နည်းလမ်းလေးကို ဝေမျှပေးချင်ပါတယ်။

အသားပါမှ စားတတ်တယ်ဆိုတဲ့ Foodies လေးတွေကတော့ ကြက်သားပြုတ်ဖြစ်ဖြစ်၊ အမဲသားပြုတ်ဖြစ်ဖြစ် ထည့်ပြုတ်ပေးလိုက်ရုံပါပဲ။

ပါဝင်ပစ္စည်းများ

  • ဆီ စားပွဲတင်ဇွန်း ၁ ဇွန်း
  • ကြက်သွန်နီ တစ်ခြမ်း (ပါးပါးလှီးထားပါ)
  • ကြက်သွန်ဖြူ ၂ မြွှာ (နုပ်နုပ်စဉ်းထားပါ)
  • တစ်လက်မပတ်လည် ဂျင်းတုံး ၁ တုံး (အချောင်းလိုက် ပါးပါးလှီးထားပါ)
  • ကင်ချီ စားပွဲတင်ဇွန်း ၈ ဇွန်း (ပါးပါးလှီးထားပါ)

  • ရေ ၃ ခွက် (စားပွဲတင်ဇွန်း ၄၈ ဇွန်း)
  • ပဲငံပြာရည် စားပွဲတင်ဇွန်း ၂ ဇွန်းနှင့် သကြား စားပွဲတင်ဇွန်း ၃ ဇွန်း
  • ငရုတ်သီးမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်းနှင့် ဆားအနည်းငယ်
  • အမျိုးအစားမတူသော မှို ၃ မျိုးခန့် ပန်းကန်လုံး ၁ လုံးစာ (ပါးပါးလှီးထားပါ)
  • မုန်ညှင်းရွက် ၁ စည်း (သို့) မိမိကြိုက်နှစ်သက်ရာ ဟင်းရွက်တစ်မျိုးမျိုး

  • ပဲပြား (သို့) တို့ဖူး ၁ တုံး (လေးထောင့်အတုံးငယ် တုံးထားပါ)
  • ခေါက်ဆွဲခြောက် ၃.၅ အောင်စ
  • ကြက်သွန်မြိတ်နှင့် နံနံပင် အနည်းငယ်

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ဒယ်အိုးကို အပူပေးပြီး ဆီထည့်ပါ။ ဆီပူလာပါက ကြက်သွန်နီ၊ ကြက်သွန်ဖြူနှင့် ဂျင်းတို့ထည့်ကာ ၅ မိနစ်ခန့် ဆီသတ်လိုက်ပါ။

၂။ ထို့နောက် ကင်ချီ၊ ရေ၊ ပဲငံပြာရည်၊ သကြား၊ ငရုတ်သီးမှုန့်၊ မှိုနှင့် မုန်ညှင်းရွက်တို့ထည့်ပါ။ အဖုံးအုပ်ထားပြီး မိနစ် ၄၀ ခန့် ပွက်ပွက်ဆူလာသည်အထိ တည်ပါ။

၃။ ပွက်ပွက်ဆူလာပြီဆိုရင်တော့ မီးဖိုပေါ် ချလိုက်လို့ရပါပြီ။

ခေါက်ဆွဲခြောက်ကိုတော့ အထုပ်ပေါ်က အညွှန်းအတိုင်း ရေနွေးပူထဲ ထည့်ပြုတ်ထားပါ။

၄။ ထို့နောက် ခေါက်ဆွဲပြုတ်များကို ပန်းကန်လုံး ၂ လုံးထဲသို့ အညီအမျှ ခွဲထည့်လိုက်ပါ။ ထို့နောက် စောစောက တည်ထားတဲ့ သီးစုံဟင်းရည်လေးကို ခေါက်ဆွဲပန်းကန်ထဲသို့ ဆမ်းထည့်လိုက်ပါ။ ကြက်သွန်မြိတ်နှင့် နံနံပင်တို့ ဖြူးထည့်နိုင်ပါသေးတယ်။

ဒါဆိုရင်တော့ ပူစပ်ပူစပ်နဲ့ အရသာရှိတဲ့ ကင်ချီခေါက်ဆွဲပြုတ်လေး ရရှိသွားပါပြီ။

ထိုဟင်းရည်က သောက်လို့မကုန်တဲ့အခါမှာ ရေခဲသေတ္တာထဲတွင် ၃ ရက်ကြာသည်အထိ ထည့်သိမ်းထားနိုင်ပါတယ်။ စားခါနီးကျမှ အလယ်အလတ် မီးအပူချိန်နဲ့ အပူပေးကာ အရသာရှိရှိ သုံးဆောင်နိုင်ပါသေးတယ်။

Source: Fullofplants.com