အစားကောင်း အသောက်ကောင်းတွေကို ကြိုက်နှစ်သက်တဲ့ Foodies လေးတို့ရေ မင်္ဂလာပါ။ ဒီတစ်ခါမှာတော့ ဟင်းရွက်စုံသုပ် အာလူးကြော် ပြုလုပ်နည်းလေးကို ဝေမျှပေးချင်ပါတယ်။ ဟင်းရွက်များက အသားလှစေပြီး အာလူးကတော့ အာဟာရဓာတ် ပြည့်ဝစွာပါဝင်တာကြောင့် ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ အစားအစာပဲဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ

  • အာလူး အလုံးကြီး ၄ လုံး
  • ခရမ်းချဉ်သီး ၆ လုံး
  • ဘိုစားပဲ လက်နှစ်ဆုပ်စာခန့်
  • အမဲရောင် သံလွင်သီး ၁၅ လုံး
  • ပင်စိမ်းရွက် အနည်းငယ်

နယ်ဖတ်ရန်အတွက် ဆီ

  • သံလွင်ဆီ စားပွဲတင်ဇွန်း ၄ ဇွန်း
  • ကြက်သွန်ဖြူ အနည်းငယ် (ဓားဖြင့် ပြားနေအောင် ဖိထားပါ)
  • သံပုရိုရည် စားပွဲတင်ဇွန်း ၁ ဇွန်း
  • ရေ စားပွဲတင်ဇွန်း ၂ ဇွန်း
  • သကြား၊ ဆားနှင့် ငရုတ်ကောင်းမှုန့် အနည်းငယ်

ပြုလုပ်နည်း အဆင့်ဆင့်

၁။ အာလူးများကို မိနစ် ၂၀ ခန့် ပြုတ်ထားပါ။ ဘိုစားပဲများကို ၄ မိနစ်ခန့် ပြုတ်ထားပါ။ ခရမ်းချဉ်သီးကို ပါးပါးလှီးထားပါ။ သံလွင်သီးများကိုလည်း ပါးပါးလှီးထားပါ။

၂။ ပန်းကန်လုံးအကြီးတစ်လုံးထဲတွင် ခရမ်းချဉ်သီး၊ ဘိုစားပဲ၊ သံလွင်သီးနှင့် ပင်စိမ်းရွက်တို့ကို ထည့်သုပ်ထားပါ။ အခြားပန်းကန်လုံး တစ်လုံးထဲတွင်တော့ သံလွင်ဆီ၊ ကြက်သွန်ဖြူ၊ သံပုရိုရည်၊ ရေ၊ ဆား၊ သကြားနှင့် ငရုတ်ကောင်းမှုန့်တို့ကို သမအောင် ရောမွှေထားပါ။

၃။ အာလူးများကို မထူမပါး လှီးဖြတ်ထားပြီး ဆီနည်းနည်းဖြင့် ကြော်ပေးလိုက်ပါ။ အာလူးနှစ်ခြမ်းစလုံး ရွှေညိုရောင် ပြောင်းသွားပါက ဆားနှင့် ငရုတ်ကောင်းတို့ဖြူးလိုက်ပါ။

၄။ အသုပ်များ ထည့်ထားသော ပန်းကန်လုံးအကြီးထဲသို့ အာလူးကြော်များ ထည့်ပြီး စောစောက စပ်ထားသော သံလွင်ဆီ အရောအနှောများဖြင့် သမအောင် နယ်ဖတ်လိုက်ပါ။

ဒါဆိုရင်တော့ အရသာရှိတဲ့ ဟင်းရွက်စုံ အာလူးသုပ်ကို အရသာရှိရှိ စားသုံးနိုင်ပြီပဲဖြစ်ပါတယ်။

Source: lazycatkitchen.com