အားလုံးပဲ မင်္ဂလာပါ။ တစ်နေ့တာလုံး စွမ်းအင်အပြည့်နဲ့ သွားလာလှုပ်ရှားနိုင်ဖို့အတွက် မနက်စာကို မဖြစ်မနေစားသုံးဖို့ လိုအပ်ပါတယ်။ မနက်စာကို မုန့်ဟင်းခါး၊ နန်းကြီးသုပ်၊ ခေါက်ဆွဲသုပ် စသဖြင့် အမျိုးမျိုးစားသုံးကြပါတယ်။

ဒီတစ်ခါမှာတော့ ထမင်းကြော်ကို မနက်စာအဖြစ် စားသုံးချင်သူများအတွက် လူကြီးလူငယ်မရွေး စားသုံးနိုင်တဲ့ ဟင်းရွက်စုံ ထမင်းကြော်ပြုလုပ်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ထမင်း ၄ ယောက်စာ
  • သံလွင်ဆီ စားပွဲတင်ဇွန်း ၂ ဇွန်း
  • ကြက်သွန်နီ ၁ လုံး (ပါးပါးလှီးထားပါ)
  • ကြက်သွန်ဖြူ ၃ မြွှာ (ပါးပါးလှီးထားပါ)
  • ပါးပါးလှီးထားသော ဂျင်း စားပွဲတင်ဇွန်း ၁ ဇွန်းခွဲ

  • ရယ်ဒီမိတ် ဟင်းရွက်စုံ ၁ ထုပ်
  • ကြက်ဥ ၃ လုံး
  • ပဲငံပြာရည် စားပွဲတင်ဇွန်း ၂ ဇွန်း
  • ခရုဆီ စားပွဲတင်ဇွန်း ၁ ဇွန်း
  • နှမ်းဆီ လက်ဖက်ရည်ဇွန်း ၂ ဇွန်း

ပြုလုပ်နည်းအဆင့်ဆင့်

၁။ ရယ်ဒီမိတ် ဟင်းရွက်စုံကို အထုပ်ပေါ်က အညွှန်းအတိုင်း ကြော်ထားလိုက်ပါ။

၂။ ဟင်းရွက်ကြော်ပြီးတဲ့နောက်မှာ ကြက်ဥများကို ဒယ်အိုးထဲဖောက်ထည့်ပြီး မွှေကြော်ပေးလိုက်ပါ။ ထို့နောက် ကြက်ဥကြော်ကို ပန်းကန်သပ်သပ်ထဲ ဖယ်ထည့်ထားလိုက်ပါ။

၃။ ဒယ်အိုးထဲ သံလွင်ဆီထပ်ထည့်ပြီး ကြက်သွန်နီ၊ ကြက်သွန်ဖြူနဲ့ ဂျင်းတို့ ထည့်ပြီး ၅ မိနစ်ခန့် ကြော်ပေးလိုက်ပါ။

၄။ တစ်ဆက်တည်းမှာပဲ ဒယ်အိုးထဲသို့ ဟင်းရွက်ကြော်၊ ထမင်းနဲ့ ကြက်ဥကြော်တို့ ထပ်ထည့်ပြီး ထပ်ကြော်ပေးလိုက်ပါ။ ထို့နောက် ခရုဆီထပ်ထည့်ပြီး ၃ မိနစ်ခန့် မွှေကြော်ပေးလိုက်ပါ။ နှမ်းဆီ ထပ်ထည့်ပြီး တစ်မိနစ်ခန့် မွှေပေးလိုက်ပါ။ အရသာအပေါ့အငန်မြည်းပြီးတဲ့နောက်မှာ မီးဖိုပေါ်ကချလိုက်လို့ရပါပြီ။

ဒါဆိုရင်တော့ ထမင်းကြော် ပူပူနွေးနွေးလေးကို အရသာရှိရှိသုံးဆောင်နိုင်ပါပြီ။

Source: tablespoon.com