စာဖတ်ချစ်ပရိတ်သတ်များ အားလုံးပဲ မင်္ဂလာပါ။ နာရီဝက်လောက်ပဲ အချိန်ပေးရမယ့် သရေစာလုပ်နည်းလေးရှိတယ်ဆိုရင် စိတ်ဝင်စားကြမလားရှင့်။

ကိုယ့်ဘာသာ အိမ်သားတွေနဲ့အတူ လုပ်စားလို့လည်းရသလို ဧည့်သည်တွေလာရင်လည်း မုန့်အနေနဲ့ ဧည့်ခံလို့ရမယ့် အသီးအရွက်လုံးကြော်ဟာဆိုရင် အရသာရှိလွန်းလို့ ကလေးတွေရော လူကြီးအားလုံးပါ ကြိုက်နှစ်သက်ကြမှာ သေချာပေါက်ပါပဲ။

လိုအပ်သည့်ပစ္စည်းများ

  • အာလူး (အခွံခွာ၊ ပြုတ်ပြီး၊ ထုချေပြီးသား) – ၁ ခွက်
  • ဂေါ်ဖီ (ခြစ်ပြီးသား) – ခွက်လေးပုံ ၁ ပုံ
  • မုန်လာဥနီ (ခြစ်ပြီးသား) – ခွက်လေးပုံ ၁ ပုံ
  • ငရုတ်သီးစိမ်း (လှီးပြီးသား) – ၃ တောင့်
  • ဆား
  • ဂျင်း – လက်ဖက်ရည်ဇွန်း ၂ ပုံ ၁ ပုံ
  • ကြက်သွန်ဖြူ – လက်ဖက်ရည်ဇွန်း ၂ ပုံ ၁ ပုံ
  • အစိမ်းမှုန့် – လက်ဖက်ရည်ဇွန်း ၄ ပုံ ၃ ပုံ
  • ပြောင်းမှုန့် – စားပွဲတင်ဇွန်း ၅ ဇွန်း
  • ရေ – ခွက်လေးပုံ ၁ ပုံ
  • ပေါင်မုန့်ကြွပ်မှုန့် – ၂ ခွက်
  • ဆီ

ပြင်ဆင်ချက်ပြုတ်ပုံ

၁။ ပန်းကန်လုံးကြီးတစ်လုံးထဲမှာ ကြိတ်ခြေထားတဲ့ အာလူး၊ ဂေါ်ဖီ၊ မုန်လာဥနီ၊ ဂျင်း၊ ကြက်သွန်ဖြူ၊ ငရုတ်သီးစိမ်း၊ ဆား၊ အစိမ်းမှုန့်တို့ရောထည့်ကာ သေချာနှံ့အောင်မွှေပေးပါ။

၂။ အနှစ်ရလာပြီဆိုရင်တော့ အစာပလာအနေတော်ယူလိုက်ကာ ကိုယ်နှစ်သက်တဲ့ ပုံစံအနေအထားဖြစ်အောင် လုံးပေး၊ ဖော်ပေးပါ။

၃။ အစာပလာအားလုံးကို လုံးပြီးသွားပြီဆိုရင်တော့ ပြောင်းမှုန့်ကို ရေနဲ့ဖျော်ကာ ပေါင်မုန့်ကြွပ်မှုန့်နဲ့အတူ နေရာပြင်ဆင်ထားလိုက်ပါ။

၄။ အသီးအရွက်လုံးတွေကို တစ်ခုချင်းစီယူကာ မုန့်နှစ်ထဲနှစ်၊ ပေါင်မုန့်အမှုန့်ကပ်ပေးပါ။

၅။ အားလုံးအဆင်သင့်ဖြစ်ပြီဆိုရင်တော့ အိုးကျယ်ကျယ်ထဲ ဆီများများထည့်ပြီး မီးအနေတော်မှာ အပူပေးကာ ဆီပူလာပြီဆိုရင် မုန့်လုံးလေးတွေ ထည့်ကြော်လို့ရပါပြီ။ နှစ်ဖက်စလုံး ရွှေညိုရောင်သမ်းလာသည်အထိ ဟိုဖက်ဒီဖက်လှန်ကြော်ပေးပါ။

၆။ ကျက်ပြီဆိုပါက ဆီစစ်လိုက်ပြီး ဆီစုပ်စက္ကူပေါ်တင်လိုက်ပါ။ အကုန်လုံးကြော်ပြီးသွားပြီဆိုရင်တော့ ပူပူလေး သုံးဆောင်နိုင်ပါပြီ။

Source: evergreenrecipes.com