ကြက်ဟင်းခါးသီးက ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ အစားအစာတစ်မျိုးပဲဖြစ်ပါတယ်။ ထိုကြက်ဟင်းခါးသီးကို ကြက်ဥ၊ ပုစွန်ခြောက်တို့ အသုံးပြုပြီး ဗီယက်နမ်စတိုင်လ် ပြင်ဆင်ချက်ပြုတ်နည်းလေးကို MyFood Myanmar ရဲ့အစားအစာချစ်သူတို့အတွက် ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ကြက်ဟင်းခါးသီး ၂ လုံး
  • ကြက်ဥ ၄ လုံး
  • ငါးငံပြာရည် လက်ဖက်ရည်ဇွန်း ၂ ဇွန်း
  • သကြား လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ဟင်းသီးဟင်းရွက်ဆီ စားပွဲတင်ဇွန်း ၂ ဇွန်း

  • ကြက်သွန်ဖြူ ၂ မြွှာ (နုပ်နုပ်စဉ်းထားပါ)
  • ပုစွန်ခြောက် စားပွဲတင်ဇွန်း ၄ ဇွန်း (ရေထဲတွင် မိနစ် ၃၀ ခန့် စိမ်ထားပါ)
  • ပါးပါးလှီးထားသော ကြက်သွန်မြိတ် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ငရုတ်ကောင်းမှုန့် လက်ဖက်ရည်ဇွန်း ၄ ပုံ ၁ ပုံ

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ကြက်ဟင်းခါးသီးများကို ထက်ခြမ်း ခြမ်းပြီးနောက် အစေ့များကို ဖယ်ရှားလိုက်ပါ။ ထို့နောက် ပါးပါးလှီးထားပါ။ ထို့နောက် ရေထဲထည့်ကာ ဆား လက်ဖက်ရည်ဇွန်း ၁ ဇွန်းထည့်ပြီး မိနစ် ၃၀ ခန့် စိမ်ထားလိုက်ပါ။ သတ်မှတ်ချိန်ပြည့်ပါက ရေဖြင့် ထပ်မံဆေးကြောပေးရပါမယ်။

၂။ ပန်းကန်လုံးအသေးတစ်လုံးထဲတွင် ကြက်ဥများကို ငါးငံပြာရည်၊ သကြားတို့ဖြင့် သမအောင် မွှေခလောက်ထားလိုက်ပါ။

၃။ ဒယ်အိုးကို အပူပေးပြီး ဟင်းသီးဟင်းရွက်ဆီ ထည့်ပါ။ ဆီပူလာပါက ကြက်သွန်ဖြူနှင့် ပုစွန်ခြောက်တို့ထည့်ကာ ၃ မိနစ်၊ ၅ မိနစ်ခန့် မွှေပေးလိုက်ပါ။

၄။ ထို့နောက် ကြက်ဟင်းခါးသီးများထည့်ကာ ၅ မိနစ်မှ ၁၀ မိနစ်ခန့် မွှေကြော်ပေးလိုက်ပါ။

၅။ ထို့နောက် မွှေခလောက်ထားသော ကြက်ဥများ လောင်းထည့်လိုက်ပါ။ ကြက်ဥ မကျက်တကျက်အချိန်မှာ မွှေကြော်ပေးလိုက်ပါ။

မီးဖိုပေါ်က ချခါနီးမှာတော့ ငရုတ်ကောင်းမှုန့်၊ ကြက်သွန်မြိတ်တို့ ဖြူးထည့်လိုက်ပါ။

ဒါဆိုရင်တော့ အရသာရှိတဲ့ ဗီယက်နမ်စတိုင်လ် ကြက်ဟင်းခါးသီး ကြက်ဥမွှေကြော်ဟင်းလျာလေး ရရှိသွားပါပြီ။

Source: Vickypham.com