အားလုံးပဲ မင်္ဂလာပါ။ ဗီတာမင်နဲ့ သတ္တုဓာတ်တို့ ကြွယ်ဝစွာပါဝင်တဲ့ ဟင်းသီးဟင်းရွက်တွေထဲမှာ ခရမ်းသီးက တစ်ခုအပါအဝင်ပါပဲ။

ခရမ်းသီး စားသုံးခြင်းကြောင့် အစာချေစနစ်ကောင်းမွန်ခြင်း၊ နှလုံးရောဂါ၊ ကင်ဆာရောဂါ ဖြစ်ပွားခြင်းမှ ကာကွယ်ပေးပြီး အရိုးအဆစ်များကိုလည်း သန်မာစေပါတယ်။ ဒါ့အပြင် ဦးနှောက်စွမ်းဆောင်ရည်ကိုလည်း တိုးမြှင့်ပေးတဲ့ ဆေးစွမ်းကောင်းတစ်လက်ပဲဖြစ်ပါတယ်။

ထိုကဲ့သို့ ကျန်းမာရေးနဲ့ ညီညွှတ်တဲ့အစားအစာကို ကျန်းမာရေးနဲ့ ပိုညီညွှတ်အောင်လို့ ဘယ်လိုကင်စားနိုင်မလဲဆိုတာကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ခရမ်းသီး ၂ လုံး
  • ငါးငံပြာရည် စားပွဲတင်ဇွန်း တစ်ဝက်
  • သံပုယိုရည် လက်ဖက်ရည်ဇွန်း ၂ ဇွန်း
  • သကြား လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ရေ လက်ဖက်ရည်ဇွန်း ၁ ဇွန်း

  • နုပ်နုပ်စဉ်းထားသော ကြက်သွန်ဖြူ လက်ဖက်ရည်ဇွန်း တစ်ဝက်
  • ငရုတ်သီးစိမ်း ၁ တောင့် (ပါးပါးလှီးထားပါ)
  • ဆီ စားပွဲတင်ဇွန်း ၂ ဇွန်းခွဲ
  • ကြက်သွန်မြိတ် ၅ ပင် (ပါးပါးလှီးထားပါ)

ပြုလုပ်နည်း အဆင့်ဆင့်

၁။ အကင်ဒယ်အိုးကို အပူပေးပါ။ ခရမ်းသီးကို သွားကြားထိုးတံ (သို့) ခက်ရင်းဖြင့် ထိုးဆွထားပါ။ ထို့နောက် အကင်မီးဖိုပေါ်တွင် ၁၅ မိနစ်၊ မိနစ် ၂၀ ခန့် ကင်ပေးလိုက်ပါ။

၅ မိနစ်၊ ၆ မိနစ်တစ်ကြိမ်စီ ခရမ်းသီးကို လှည့်ပေးရပါမယ်။

၂။ ခရမ်းသီး ကင်ထားစဉ်မှာ ငါးငံပြာရည်၊ သံပုယိုရည်၊ သကြား၊ ရေ၊ ကြက်သွန်ဖြူနှင့် ငရုတ်သီးစိမ်းတို့ကို သမအောင် ရောမွှေထားလိုက်ပါ။

၃။ ကြက်သွန်ဆီ ပြုလုပ်ဖို့ရန်အတွက် ဒယ်အိုးကို အပူပေးပါ။ ဆီထည့်ပါ။ ဆီပူလာပါက ကြက်သွန်မြိတ်များထည့်ကာ ကြက်သွန်မြိတ်များ ပျော့သွားသည်အထိ ဆီသတ်ပါ။

၄။ ခရမ်းသီးများ မီးကင်ပြီးပါက စဉ်းနီတုံးပေါ် တင်ထားပြီးနောက် အခွံကို ဖယ်ရှားလိုက်ပါ။

ခရမ်းသီးကို အနေတော်အတုံး လှီးဖြတ်နိုင်သလို ထိုအတိုင်း အလုံးလိုက် ထားထားလည်း ရပါတယ်။

၅။ ရရှိလာတဲ့ ခရမ်းသီးမီးကင်ကို ပန်းကန်ပြားထဲ ထည့်ပါ။ ထို့နောက် ကြက်သွန်မြိတ်ဆီများ အပေါ်ကနေ ဆမ်းထည့်လိုက်ပါ။ မြေပဲ (သို့) နှမ်းစေ့များ ကြိုက်နှစ်သက်ပါက ဖြူးထည့်ပေးနိုင်ပါတယ်။

ဒါဆိုရင်တော့ အရသာရှိတဲ့ ခရမ်းသီး မီးကင်လေး ရရှိသွားပါပြီ။

Source: Delightfulplate.com