မနေ့က ဈေးနေ့မှာ ဈေးသွားရင်း ဆိတ်ဖူးဥနဲ့ ငှက်ပျောဖူး တွေ့တာနဲ့ မော်လမြိုင် အလွမ်းပြေ ငါးပေါင်းထုပ်လေး လုပ်စားဖြစ်တယ်။ ငယ်ငယ်က အိမ်မှာ ဒီဟင်းချက်မယ်ဆို ညီမတွေက အရမ်း စိတ်ဆိုးကြတယ်။ အလုပ်ရှုပ်လို့ပါ။ အရွက် ခူးရ။ သစ်ဥတူးရ။ ငှက်ပျောဖက် နေလှမ်းရနဲ့။ အခုတော့ လိုတာတွေ အကုန်လုံး စုဝယ်လိုက်တော့ အလုပ်ရှုပ် သက်သာသွားရော။ မွန်ပြည်နယ်ရဲ့  ဒေသစာပါ။

ငယ်ငယ်က မီးရထားစီးပြီး ရန်ကုန်သွားရင် သိမ်ဇရပ်ဘူတာမှာ ခေါင်းရွက်သည်လေးတွေ လာရောင်းနေကြ။ ငရုပ်သီးစပ်စပ်နဲ့ အရမ်းစားလို့ကောင်းမှကောင်း။(အဲ့ဒီတုန်းကအခုလို Express ကားတွေ မပေါ်သေး၊ ကားသေးလေးတွေသာ နေ့ပိုင်းသွားတာပါ)။ ဖွားဖွားနဲ့မေ့မေ့ဆီက ချက်နည်း သင်ထားတာပါ။ ငယ်ငယ်က ဖက်ဆုတ်ရင် ခဏခဏကွဲကုန်လို့ အအော်ခံရတာတွေကို အမှတ်ရရင်းနဲ့ဒီနေ့တော့ အဝစားလိုက်တယ်။

ပါဝင်ပစ္စည်းများ

  • ငါး (ကြိုက်နှစ်သက်ရာ) – ၁၅ ကျပ်သား
  • ငှက်ပျောဖူး – ၁ ဖူး
  • ကြက်သွန်နီ အနေတော် – ၅ လုံး
  • မျှစ် – ၁ စည်း
  • စပါးလင် – ၂ ဥ
  • ကြက်သွန်ဖြူ – ၁ ဥ
  • ဂျင်း – လက်တဆစ်
  • ဆိတ်ဖူး – ၅ ဥ
  • ပဒဲကော – လက်မလက်သဲခွံခန့်
  • ဆန်စိမ်းမှုန့် – ၅ ကျပ်သား
  • ဆနွင်း – အနည်းငယ်
  • ငရုတ်သီးမှုန့် – တဇွန်း လက်ဖက်ရေဇွန်း
  • ဆီ – ၂ ကျပ်ခွဲသား
  • ဆား – အနည်းငယ်
  • ငှက်ပျောရွက် – ၁ စည်း
  • စိမ်းစားငပိ – ကွမ်းသီးလုံးခန့်
  • ရဲယိုရွက် – ၂ စည်း
  • သွားကြားထိုးတံ/တုပ်ချွန်တို – ၇ ခု

ပြုလုပ်နည်း

ငါးကိုသန့်စင်ပြီး ၇ တုံး ရအောင်တုံးကာ ဆား၊ ဆနွင်း တို့ဖြင့် နယ်ပြီး နှပ်ထားပါ။ ငှက်ပျောဖူးကို ရေခံ၍ ပါးပါး လှီးထားပါ။ ကြက်သွန်နီကို ထက်ခြမ်း ခြမ်းပြီး တခြမ်း ၅စိတ် စိပ်ထားပါ။ မျှစ်ကို အမျှင်ခြစ်ပြီး ရေညှစ်ထားပါ။

စပါးလင် ၊ ဂျင်း၊ ဆိတ်ဖူး၊ ကြက်သွန်ဖြူ၊ ပဒဲကောတို့ကို ညက်အောင် ရော၍ထောင်း ထားပါ။ ငှက်ပျောရွက်ကို အနေတော် ပိုင်းထားပြီး ပျော့အောင် ရေနွေးဖျော၍ ဖုန်စင်အောင် သုတ်ထားပါ။ ရဲယိုရွက်ကို အနေတော် ပြင်ထားပါ။

ပြီးလျှင် အထက်ပါ ပြင်ဆင်ထားသော ပစ္စည်းများကို ဇလုံတခုထဲတွင် ငါးမှလွဲ၍ ကျန်သော အမယ်များ ထည့်ပါ။

ဆီ၊ ဆား၊ ငရုတ်သီးမှုန့်၊ ငါးပိ၊ ဆန်မှုန့့် နှင့် ရေကို အနည်းငယ် ထည့်ပါ။  ရောသမမွှေပါ။အစပ်ကြိုက်လျှင် ငရုတ်သီးမှုန့် စပ်စပ်ထည့်ပါ။ တချို့က ဘူးသီး၊ ပဲသီး ထည့် ပါသည်။ ကြိုက်လျှင် ထည့်နိုင်ပါသည်။

အနေတော် ပိုင်းထားသော ငှက်ပျောရွက်ကို ယူပါ။ (အပေါက်မပါစေရ) ရဲယိုရွက် ခင်းပါ။ ငါးတစ်တုံးကို တင်ပါ ။  ရောနယ်ထားသော အစာများ ထည့်ပါ။

ငှက်ပျောရွက်ထိပ်ကို လုံအောင် ပိတ်ပြီး သွားကြားထိုးတံဖြင့် ပိတ်ပါ။  ပေါင်းအိုးထဲသို့ စည်ထည့်ပါ။ အငွေ့လုံအောင် ပိတ်ပြီး မိနစ်၂၀ သို့ နာရီဝက် ပေါင်းပေးပါ။ ကျက်လျှင် ထမင်းပူပူဖြင့် တွဲဖက် စားသုံးနိုင်ပါပြီ။

Credit: မိုးကောင်းကင်