Recipes | အကြော် - Fried

ငရုတ်သီးအထောင်းကြော်

March 8, 2016

ငရုတ်သီးအထောင်းကြော်

Share this on:

မိုးရာသီမှာ လှိုင်လှိုင်ထွက်တဲ့ ငရုတ်သီးစိမ်းလေးတွေနဲ့ ခပ်စပ်စပ်လေး ချက်စား ရအောင်နော် ။   ငရုတ်သီးစိမ်း အမျိုးအစားတွေက မိုးမျှော် ၊ ကုလားအော် စသည်ဖြင့် အမျိုးမျိုးရှိတဲ့ အထဲက ကျမကတော့ ရှမ်းပြည်နယ်ကထွက်တဲ့ ရှမ်းငရုတ်သီးကို သုံးထားပါတယ်နော်။

လိုအပ်သောပစ္စည်းများ

  • ငရုတ်သီးစိမ်း - ဟင်းပန်းကန်လုံး ၁ လုံးစာ
  • ဗမာကြက်သွန်ဖြူ - ၁ ဥ
  • ကြက်သွန်နီ - အသေး ၄ လုံး
  • ပုစွန်ခြောက်မှုန့် - ထမင်းစားဇွန်း ၂ ဇွန်း
  • မြိတ်ငါးပိ - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ပဲဆီ အနည်းငယ်

ချက်ပြုတ်နည်း

  1. ငရုတ်သီးစိမ်းများကို ရေစင်အောင် ဆေးပြီး ဆားထည့်၍ ကြေညက်အောင် ကြိတ်ပေးပါ ။ -
  2. ငရုတ်ဆုံ သုံးပြီး ထောင်းလည်း ရပါတယ် ။
  3. ဗမာ ကြက်သွန်ဖြူကို အပေါ်ယံ အခွံမာ သာခွါပြီး အခွံပါးပါ ကျေညက်သည် အထိ ထောင်းပါ ။
  4. ကြက်သွန်နီ ၊ ပုဇွန်ခြောက်မှုန့်များပါ တစ်ခါတည်း ထည့်ထောင်းပါ ။
  5. မြိတ်ငါးပိကို ရေနွေး အနည်းငယ်ဖြင့် ရောပြီး ဖျော်ထားပါ ။
  6. ထောင်းထားတဲ့ ကြက်သွန်ဖြူ နီ ၊ ပုဇွန်ခြောက် အရောထောင်းကို ဆီ အနေတော် ထည့်ထားတဲ့ ဒယ်အိုးထဲမှာ Medium Heat ဖြင့် ရွှေညိုရောင် သန်းပြီး မွှေးလာသည် အထိ ကြော်ပေးပါ ။
  7. ကြက်သွန်ဖြူ နီ ဆီသတ်တာ ရွှေညိုရောင်သန်းပြီ ဆိုတာနဲ့ ငါးပိရည်ဖျော်ကို ထည့်ပြီး ငါးပိအနံ ပျောက်သည်အထိ မွှေကြော်ပေးပါ ။
  8. ထောင်းထားတဲ့ ငရုတ်သီးစိမ်းများ ထည့်ပါ ။ ယိုးဒယားငံပြာရည် ထည့်ပါ ။
  9. ငရုတ်သီးများ အနည်းငယ်နွမ်းလာလျင် ချလို့ရပါပြီ ။
  10. ငရုတ်သီးထောင်းတဲ့ နေရာမှာ ဆားထည့် ထောင်းတာ ငရုတ်သီးရဲ့ အရောင် မည်းမသွားအောင်ပါ ။  ဆားထည့်ပြီး ထောင်းရင် ငရုတ်သီးစိမ်းက စိမ်းစိမ်းလေး ဖြစ်မြဲဖြစ်နေပါတယ် ။   ငရုတ်သီးစိမ်းထောင်းကြော်ကို ဘူးသီးချဉ်ရည်ဟင်း ၊ ဗမာကြက်သားကြော် ပူပူလေး စတာတွေနဲ့ တွဲဖက် စားလို့ ကောင်းပါတယ် ။

Review

User Rating

3.6 (8 Votes)