ပါဝင်ပစ္စည်းများ

  • အမဲပေါင်ကြွက်လုံးသား ၅၀ကျပ်သားခန့်
  • အူကြမ်း (ပုဆိုးကြမ်း) ၁ ပိဿာ ခန့်
  • နွားမြီး ၂ချောင်း
  • ချင်းကြီးကြီး ၁တက်
  • ရှောက်ကောလုံး ၁လုံး
  • ဝှါးကြောင်းစေ့(မက်ခမ်သီး) ၁ဇွန်းခန့်

ပင်ဆင်ပြုလုပ်နည်း

ပထမဆုံး အမဲအူကြမ်းတွေကို သန့်စင်နေအောင် ရေဆေးပါ။ အညှီနံ့ပျောက်လိုလျှင် ဗီနီဂါအရည်လောင်းပြီး ပွတ်ဆေးပါ။ အမဲကြွက်သားလုံး၊ အမြီးတွေကိုလဲ ရေဆေးသန့်စင်ထားပါ။

ပွက်ပွက်ဆူနေတဲ့ရေအိုးတစ်လုံးမှာ အမဲအူကြမ်းတွေကို (၅)မိနစ်ခန့် ပြုတ်ပြီး ရေအေးပြန်လောင်း၊ စစ်ယူထားပါ။ အိုးကြီးကြီးတစ်လုံးမှာ ပြုတ်ထားတဲ့အမဲအူကြမ်း၊ အမဲပေါင်ကြွက်လုံးသား၊ နွားမြီးတွေထည့်ပါ။

ဓားပြားရိုက်ထားတဲ့ချင်း၊ မီးကင်ပြီး ထုထားတဲ့ ရှောက်ကောအလုံး၊ လှော်ပြီးလုံးခြမ်းခွဲထားတဲ့ ဝှါးကြောင်းစေ့ (မက်ခမ်သီး) တွေထည့်ပြီး ဆား၊ ဟင်းခတ်မှုန့်တို့ဖြင့် အရသာသွင်းပါ။

ပထမဆုံးအနေနှင့်ရေမြုပ်သည် ဆိုရုံလေးဖြင့် အဖုံးပိတ်ကာ မီးပြင်းပြင်းမှာ စတည်ပါ။ အမြုပ်နှင့်အညစ်အကြေးတွေကို စစ်ထုတ်ပါ။ ရေအနည်းငယ် ပြန်ဖြည့်ပါ။ အညစ်အကြေးနှင့်အမြုပ်တွေကို ထပ်မံစစ်ထုတ်ပါ။ (ဟင်းရည်ကြည်စေရန်အတွက်)

ဟင်းရည်ကြည်ရပြီဆို မီးပြင်းကိုလျှော့ချပြီး တစ်ပွက်ဆူ အနေအထားမှာ အူကြမ်း၊ ကြွက်လုံးသား အမြီးတို့ကိုနူးသည်အထိ ဆက်ပြီး တည်ထားပါ။ အားလုံးနူးအိပြီဆိုရင် တစ်ခုချင်းစီ ဆယ်ထုတ်ပြီး မိမိနှစ်သက်သော အနေအထားအရွယ် ပါးပါးလှီးပြီး ပြုတ်ရည်အိုးထဲပြန်ထည့်ပါ။

ကန်စွန်းရွက် ၊ ပဲပင်ပေါက်နှင့် ရေစိမ်ခေါက်ဆွဲ တစ်ပွဲစာကို အခြားရေဆူအိုးမှာပြုတ်ပါ။ အသားဖတ်နှင့် ဟင်းရည်တစ်ပွဲစာ လောင်းချပြီး ကြက်သွန်မြိတ်၊ တရုတ်နံနံလေးဖြူး၊ နှမ်းဆီချက်လေးဆမ်းကာ ငရုတ်သီးမှုန့်၊ ငရုတ်သီးစိမ်း ၊ သံပုရာသီးစိတ်လေးများဖြင့် တွဲဖက်သုံးဆောင်ကြည့်ပါ။

ထူးခြားကောင်းမွန်တဲ့ ရနံ့နှင့်အတူ ခွန်အားဖြစ်စေတဲ့ ခေါက်ဆွဲပြုတ် တစ်ပွဲဟာ သင့်လိုအပ်ချက်ကို တနည်းနည်း နဲ့ ထောက်ပံ့ကူညီနိူင်မှာကတော့ အသေအချာပါ။