Recipes | မြန်မာမုန့်များ - Myanmar Desserts

လက်ဘက် – ဂွေးချိုသီးနှပ်

December 8, 2015

လက်ဘက် – ဂွေးချိုသီးနှပ်

Share this on:

လက်ဖက်နှပ်ပုံနှပ်နည်းတွေ တယောက်နဲ့တယောက် မတူနိုင်ပါ၊ လက်ဖက်ကို အခါးလျှော့အောင် သန့်စင်အောင်၊ ရောဂါပိုးရှိနေလျှင် သေအောင်ဆိုပီး ပြု ပြင်ကြပုံတွေလည်း အမျိုးမျိုးရှိပါတယ်။ တချို့က ရေ ၃-၄ ပြန်ဆေးတယ်၊ တချို့က ရေနွေးလေး၂-၃ ပြန် ဆေးတယ်။ တချို့က ရေဆေးပီး ရေနွေးငွေ့လေးနဲ့ ပေါင်းပေးတယ်။ မိမိနှစ်သက်သလို ပြုပြင်ကြပါ။

လက်ဖက်ကို ခရမ်းချဉ်သီး၊ ဒညင်းသီး၊ စောင်းလျှားသီး၊ တို့နဲ့ နှပ်စားလေ့ရှိပါတယ်၊ ဒီလက်ဖက်လေးကိုတော့ ဂွေးချိုသီး နဲ့ နှပ်ထားပါတယ်..။ ကိုယ့်ရနိုင်တဲ့ ဂွေးချိုသီး အနုအရင့် အချိုအချဉ် ပေါ်မှာမူတည်ပီး ပမာဏကို သင့်ရုံ အစပ်ဟပ်တည့်အောင်ထည့်နိုင်ပါတယ်။ ဂွေးချိုသီး အချဉ်အရသာနဲ့ အသားမာထပ်ထပ်လေးက လက်ဖက်နဲ့ လိုက်ဘက်ပီး စားလို့ကောင်းပါတယ်။ လက်ဘက်နှပ်တဲ့ အခါ ကြက်သွန်ဖြူ ထည့်နှပ်လေ့ မရှိပေမဲ့ ဒီ လက်ဖက်နှပ်တာမှာ ထည့်ပါတယ် ။ စားမည့်သူ အင်အားများပီး နေ့မကူးဘဲ ကုန်မည့် အတွက်ကြောင့်ပါရှင်။

ပါဝင်သော ပစ္စည်းများ

  • လက်ဖက် - ၁/၂ cup
  • ပုဇွန်ခြောက် အရွယ်လတ် အကောင် ၂၀ ခန့်
  • ငရုပ်သီးစိမ်း - ၆-၁၀ တောင့်
  • ငါးငံပြာရည် - သင့်ရုံ
  • သကြား - ၁/၄ လက်ဘက်ရည်ဇွန်း
  • အချိုမှုန့် - အနည်းငယ်
  • ကြက်သွန်ဖြူ - ၄-၅ မွှာ
  • ဂွေးချိုသီး - သင့်ရုံ
  • သံပုရာရည် - သင့်ရုံ

ပြုလုပ်နည်း

  1. လက်ဖက်ကို ရေ ၃ ပြန်လောက်ဆေးပီး ရေကုန်အောင်ညှစ်ထုတ်ထားပါ။
  2. ဂွေးသီးကို အခွံနွှာ၊ အတုန်းလေးတွေ လှီးပီး ဘလန်ဒါ တွင် ထည့်ကြိတ်ပါ၊ ရေညှစ်ထုတ်ထားပါ။
  3. ပုဇွန်ခြောက်မှုန့်၊ ငရုပ်သီးစိမ်း တို့ကို ထောင်းပါ၊ လက်ဖက် ထည့်ထောင်းပါ၊ ဂွေးချိုသီး ကြိတ်ထားတာ ထည့်ထောင်းပါ။ ကြက်သွန်ဖြူ ထည့်ထောင်းပါ။
  4. သကြား၊ အချိုမှုန့်၊ ဆား၊ ငံပြာရည်၊ သံပုရာရည်တို့ထည့်ပီး နှံ့စပ်အောင် ဖွဖွ ထောင်းပါ၊ ကြက်သွန်ဖြူ ကျေညက်မသွားအောင် သတိထားပါ။
  5. အရသာ စိတ်ကြိုက်ဖြစ်ပီ ဆိုလျှင် ဖန်ဗူးတွင် လေမခိုအောင် ဖိသိပ် ထည့်၊ ဆီမြုတ်အောင်စိမ်ပီး မခဲတဲ့ အထပ်မှာ သိမ်းနိုင်ပါတယ်။ လက်ဖက်ပျော့ အနေနဲ့ဘဲ စားစား၊ အကြော်နဲ့ဘဲတွဲ စားစား၊ စားလို့ကောင်းတဲ့ လက်ဖက်နှပ်လေးပါ။
Credit: Meemee Tofu

Review

User Rating

5 (1 Votes)