ထောပတ်သီးရေခဲမုန့်ဆိုရင်တော့ တော်တော်များများလည်း ကြိုက်ကြမယ်လို့ထင်ပါတယ်။ ဒါ့အပြင် ဒီထောပတ်သီးရေခဲမုန့်ပြုလုပ်နည်းလေးက လုပ်ရတာလည်း အရမ်းလွယ်ကူသလို အချိန်လည်း အများကြီးပေးစရာမလိုပါဘူး။ အချိန်တိုအတွင်းမှာ အလွယ်တကူပြုလုပ်နိုင်ပြီး ပါဝင်တဲ့ပစ္စည်းတွေကလည်း လေးမျိုးပဲလိုတာဆိုတော့ လုပ်စားဖို့ အရမ်းအဆင်ပြေမှာပါ။

ထောပတ်သီးရေခဲမုန့်ပြုလုပ်ဖို့ လိုအပ်တဲ့ပါဝင်ပစ္စည်းတွေကတော့ ထောပတ်သီးအမှည့် – ၂လုံး၊ သံပုရာသီး – ၁ လုံး၊ Heavy Cream – ခွက်တစ်ခွက်စာနဲ့ နို့ဆီ – ခွက်တစ်ဝက်စာတို့ လိုအပ်ပါတယ်။

စတင်ပြုလုပ်ဖို့ ထောပတ်သီးအမှည့် – ၂ လုံးကို အသားတွေယူပြီး ပန်းကန်ထဲထည့်ပါ။ သံပုရာသီး – ၁ လုံး ညှစ်ချပြီး ဆား – အနည်းငယ်ထည့်ကာ ထောပတ်သီးတွေကျေညက်သွားအောင် ချေပေးပါ။

နောက်ထပ်ပန်းကန်လုံးထဲကို Heavy Cream – ခွက်တစ်ခွက်စာထည့်ပြီး မွှေပေးပါ။ မွှေတဲ့အခါမှာတော့ မွှေစက်နဲ့မွှေပေးရင် ပိုကောင်းပါတယ်။ ပျစ်သွားတဲ့အထိမွှေပေးပြီးရင်တော့ နို့ဆီ – ခွက်တစ်ဝက်စာကိုထည့်ပြီး ဇွန်းနဲ့ပဲ မွှေပေးပါ။ ခုနကချေထားတဲ့ ထောပတ်သီးတွေကိုလည်း ထည့်မွှေပေးပါ။

မွှေပြီးသွားတဲ့အခါမှာတော့ ဘူးတစ်ခုထဲကိုထည့်ပြီး အပေါ်ကနေ ဆီစုပ်စက္ကူ (သို့) အဖုံးနဲ့ပိတ်ပြီး ရေခဲသေတ္တာထဲမှာ ၄ နာရီကြာ ထည့်ထားလိုက်ပါ။

ရေခဲသေတ္တာထဲကထုတ်တာနဲ့ အသင့်စားသုံးနိုင်တဲ့ ထောပတ်သီးရေခဲမုန့်ကို ရရှိသွားပါပြီ။ အပေါ်ကနေ မြေပဲလေးတွေဖြူးစားချင်လည်း ရပါသေးတယ်။

Photo Source: www.yummyph.com