အားလုံးပဲမင်္ဂလာပါ။ ပဲလိပ်ကို ကြာဇံချက်၊ ဟင်းချိုတို့လိုမှာ ထည့်သွင်းစားသုံးကြတာများပေမယ့်လည်း ကြက်သားနဲ့ရောချက်တာတော့ သိပ်ပြီးမကြားဖူးလောက်ပါဘူး။ ဒါကြောင့် ကြက်သားကို ဆီပြန်၊ အကြော်၊ အပြုတ်ချက်စားရတာ ရိုးလာပြီဆိုရင် ပဲလိပ်လေးနဲ့ရောပြီး အချိုချက်ကြည့်လိုက်ရအောင်။

ပါဝင်ပစ္စည်းများ

  • ကြက်သား ၂၅သား
  • ပဲလိပ်ချောင်း ၁ချောင်း
  • ပဲငံပြာရည်အကြည် ၁ဇွန်း(စားပွဲတင်)
  • ပဲငံပြာရည်အနောက် ၁ဇွန်း(အသေး)
  • ဆား
  • သကြား
  • ဆီ ၂ဇွန်း
  • ငရုတ်ကောင်း အနည်းငယ်
  • တရုတ်နံနံ ၂ပင်
  • ကြက်သွန်နီ ၁လုံး
  • ကြက်သွန်ဖြူ ၅မွှာ
  • ဂျင်း ၂ပြားခန့်(ပါးပါး)

ပြုလုပ်နည်း

ကြက်သားကို အနေတော်တုံး ရေဆေးပြီး ရေစစ်ထားပါ။ ဆား၊ သကြား၊ ပဲငံပြာရည၊ ကြက်သွန်ဖြူအရည် ညှစ်ပြီး နှပ်ထားပါ။

ပဲလိပ်ကို ရေစိမ်ထားပါ။ ပွလာလျှင် ရေဆေး၍ ညှပ်ထားပါ။ ဆီထည့်၍ ပူလာလျှင် ကြက်သွန်ဖြူ ၃မွှာ ဂျင်း ၁ပြားခန့် ဆီသတ်ပါ။

ကြက်သား ထည့်လုံးပါ။ ရေခန်းသွားလျှင် ပဲလိပ်ထည့်မွှေပါ။ ရေနွေး ထပ်ထည့်၍ ကြက်သားနူး သည်အထိ တည်ပါ။

ပဲငံပြာရည် အကြည်၊ ဆား၊ ငရုတ်ကောင်းထည့်ပါ၊ ကြက်သွန်နီ လေးခြမ်းစိတ် ထည့်ပါ။ ကြက်သားနူးပြီး ဆီလည် ရေလည် ဖြစ်လာလျှင် တရုတ်နံနံ ထည့်၍ ချပါ။

Credit: ချက်ကြည့်ကြစို့