ထမင်းလုံးကို သရက်သီးအစာသွပ်ပြီး ကြော်စားမယ်ဆိုတော့ အရမ်းကိုထူးဆန်းသွားပါပြီ။ တကယ်လည်း ကြည့်လိုက်တာနဲ့ စားချင်စဖွယ်ဖြစ်ပြီး စားလိုက်ရင်လည်း ချိုစိမ့်ပြီးအရသာရှိနေတာကို ခံစားရမှာပါ။ လုပ်ရတာလည်း မခက်ခဲပဲလွယ်ကူတဲ့အတွက် ပိတ်ရက်တွေမှာ မိသားစုနဲ့အတူ လုပ်စားကြည့်သင့်ပါတယ်။ ဒါကြောင့် လုပ်ပုံလုပ်နည်းလေးတွေကို ပုံတွေနဲ့ တစ်ဆင့်ချင်းစီဖော်ပြပေးလိုက်ပါတယ်။

ပထမဆုံးအနေနဲ့ အိုးတစ်လုံးကို မီးဖိုပေါ်တင်ပြီး အိုးထဲကို အုန်းသီးခရင်မ် (Coconut Cream) – ခွက်ရဲ့လေးပုံ ပုံ သုံးပုံစာ ထည့်ပေးပါ။ Palm Suger ကိုလည်း ခွက်ရဲ့ လေးပုံပုံ တစ်ပုံစာထည့်ပြီး ဆား – လက်ဖက်ရည်ဇွန်း – တစ်ဝက်ထည့်မွှေကာ ပွက်ပွက်ဆူလာတဲ့အထိတည်ထားပေးပါ။ Coconut Cream နဲ့ Palm Suger ကိုတော့ City Mart တွေမှာ ၀ယ်ယူနိုင်ပါတယ်။

သရက်သီး – ၃ သုံးကို အခွံတွေခွာပြီး အတုံးသေးသေးလေးတွေ တုံးပေးပါ။ သရက်သီးက ချိုနေမှဖြစ်မှာမို့ စိန်တစ်လုံးသရက်သီးဆို ပိုအဆင်ပြေမယ်လို့ ထင်ပါတယ်။

နည်းနည်းပျော့အောင်တည်းထားတဲ့ ထမင်းကို ပန်းကန်လုံးအကြီးထဲထည့်ပြီး ပထမဆုံးတည်ထားတဲ့ အရည်တွေကိုထည့်ကာ သမအောင်နယ်ပေးပါ။

နောက်တစ်ဆင့်အနေနဲ့ ထမင်းကို လက်တစ်ဆုပ်စာယူလုံးပြီး အထဲမှာ တုံးထားတဲ့သရက်သီး တစ်ခုထည့်ပြီး လုံးလိုက်ပါ။ လုံးပြီးသွားရင်တော့ ဆန်မှုန့်နဲ့နယ်ပြီး ဆီအိုးထဲထည့်ကြော်ပါ။

ကြော်ပြီးသွားလို့ ဆီအိုးထဲကထုတ်တာနဲ့ အပေါ်ကနေ တစ်ခုခုဆမ်းပြီး အသင့်စားသုံးနိုင်တဲ့ ထမင်းလုံး သရက်သီးအစာသွပ်ကြော်ကို ရရှိသွားပါပြီ။

ပိတ်ရက်မှာ မိသားစုနဲ့ အပျင်းပြေလုပ်စားနိုင်တာမို့ ထူးဆန်းတာလေးတွေစားချင်ရင်တော့ လုပ်စားကြည့်သင့်ပါတယ်။ ခံတွင်းပျက်နေလို့ ထမင်းမစားချင်တဲ့သူတွေဆိုရင်လည်း ဒါလေးကိုစားလိုက်ရင် သဘောကျနှစ်သက်သွားမယ်လို့ ထင်ပါတယ်။

Photo Source: www.tasty.com