မင်္ဂလာပါနော်။ ဒီတစ်ခါမှာတော့ နေထိုင်မကောင်းဖြစ်နေသူတွေသာမက သာမန်လူတွေအတွက်ပါ အားပြန်ဖြည့်နိုင်ဖို့အတွက် သောက်သုံးနိုင်မယ့် ဟင်းချိုတစ်ခုကို ဖော်ပြပေးချင်ပါတယ်။

ဒါကတော့ ဆိတ်ရိုးပြုတ်ပါပဲ။ အရသာလည်းအလွန်ကောင်းပြီး ကျန်းမာရေးအတွက် အများကြီး အထောက်အကူပြုနိုင်မှာပါ။

ပါဝင်ပစ္စည်းများ

  • ဆိတ်ရိုး – ၂၅၀ ဂရမ်
  • ကြက်သွန်နီအသေး – ၅ လုံး
  • ကြက်သွန်ဖြူ – ၃ မွှာ
  • ခရမ်းချဉ်သီး – ၁ လုံး
  • ဂျင်း – (အနည်းငယ်)
  • ဆား – (အနည်းငယ်)
  • တရုတ်နံနံ – ( နှစ်ပင်)
  • ဇီယာစေ့ – ၁ ဇွန်း(လက်ဖက်ရည်ဇွန်း)
  • ငရုပ်ကောင်းစေ့ – ၁ ဇွန်း(လက်ဖက်ရည်ဇွန်း)
  • စမုန်စပါးစေ့ – ၁ ဇွန်း(လက်ဖက်ရည်ဇွန်း)တို့ပဲဖြစ်ပါတယ်။

ပြုလုပ်နည်း

  1. ဆိတ်ရိုးကို ရေစင်အောင် ဆေးပြီး ဆားအနည်းငယ် ဖြူးပြီး နယ်ထားပါ။
  2. ပါဝင် ပစ္စည်းများ ဖြစ်ကြသည့် (ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ဇီယာစေ့၊ ငရုပ်ကောင်းစေ့၊ စမုန်စပါးစေ့) တို့ကို ဒယ်ပြား တစ်ခုထဲသို့ ထည့်ပြီး အနံ့မွှေးလာသည်ထိ အနည်းငယ် လှော်ပေးပါ။ ထို့နောက် ကြိတ်စက်ထဲသို့ ထည့်ပါ။ ထိုသို့ လှော်လိုက်ပါက အနံ့ပိုမွှေးပါသည်။
  3. အခြား ပါဝင်ပစ္စည်းများ ဖြစ်သော (ခရမ်းချဉ်သီး၊ဂျင်း) တို့ကိုပါ ရောထည့်ပြီး ကြိတ်စက်ဖြင့် ညက်နေအောင် ကြိတ်ပါ။ ကြိတ်ထားသည်များကို ဆိတ်ရိုးဖြင့် ရောပြီး ရေသင့်တော်ရုံ ထည့်ပြီး ၁၀-မိနစ်ခန့်ပြုတ်ပါ။
  4. ပြီးနောက် Pressure Cooker ပေါင်းအိုး ထဲသို့ ပြောင်းထည့်ပြီး ၇မိနစ်ခန့် ပေါင်းကာ အပေါ့ အငံ မြည်း၍ အသင့်သောက် သုံးနိုင်ပါသည်။ တရုတ်နံနံပင်အား အနည်းငယ် ပါးပါးလှီး ထည့်နိုင်ပါသည်။

Credit: ဇွဲသုသု