ကိုးရီးယား ကြက်ခြေထောက် အစပ် (Dak Bal)

Share this on:

ကြက်ခြေထောက် အစပ်ကို ကိုရီးယား အမျိုးသား ၊ အမျိုးသမီး မရွေးအလွန် ကြိုက်နှစ်သက် ကြပါတယ် ။  အရက် ၊ ဘီယာ ၊ ကိုရီးယား ဆိုဂျူး တို့နှင့်အတူ စားသောက် ကြပါတယ် ။

ပါဝင်ပစ္စည်းများ

  • ကြက်ခြေထောက် - ၁၂ ချောင်း
  • နာနတ်ပွင့် - ၂ ခု (အပွင့်သေး)
  • သစ်ဂျပိုးခေါက် - ၁ ခု (အသေး)
  • ခရမ်းချဉ်သီးဆော့စ် - ဇွန်းဝက် (စားပွဲတင်ဇွန်း)
  • ကိုရီးယားငရုပ်အနှစ် - ၁ ဇွန်း (စားပွဲတင်ဇွန်း)
  • ခရုဆီ - ၁ ဇွန်း (လက်ဖက်ရည်ဇွန်း)
  • သကြား - ၁ ဇွန်း (လက်ဖက်ရည်ဇွန်း)
  • ကြက်သွန်ဖြူ - ၁ ဇွန်း (စားပွဲတင်ဇွန်း)
  • ပဲငံပြာရည် အကျဲ - ၁ ဇွန်း (စားပွဲတင်ဇွန်း)
  • ငရုပ်သီးခြောက် - ၂ တောင့် (အသေး)
  • ဆာကေး (Sake) - ၂ ဇွန်း (စားပွဲတင်ဇွန်း)

ပြုလုပ်နည်း

  1. ကြက်ခြေထောက်များ၏ ထိပ်မှ ခြေသည်းလေးများ အားလုံးကို ဖြတ်ပါ ။
  2. ဇလုံ တစ်ခုထဲတွင် ရေအနည်းငယ် ၊ ရှာလကာရည်အနည်းငယ် ထည့်ကာ ကြက်ခြေထောက် များကို သန့်စင်နေအောင် ပွတ်တိုက်၍ ဆေးပါ ။
  3. မီးဖိုပေါ်တွင် ရေနွေး တည်ထားပြီး ရေပွက်လာပါက ဆားအနည်းငယ်မျှ ထည့်၍ ကြက်ခြေထောက်များကို ၂ မိနစ်ခန့် ထည့်ပြုတ်ပါ ။
  4. ထို့နောက် ဇကာဖြင့် စစ်ကာ သွန်ထုတ်ပြီး ရေအေးဖြင့်ဆေးကာ ရေစစ်ထားပါ ။
  5. ထိုသို့ ပြုလုပ်မှသာ ကြက်ခြေထောက်များ သန့်စင်ကာ အနံ့ အသက်မွှေးပြီး အရသာရှိပါသည် ။
  6. ချက်မည့် အိုးထဲသို့ ပါဝင်ပစ္စည်းများ အားလုံး ထည့်ပါ ။ ရေစစ်ထားသည့် ကြက်ခြေထောက်များကို ထည့်ကာ သမအောင် ရောနယ်ပါ ။
  7. ထို့နောက် ကြက်ခြေထောက်များ ရေမြုပ်ရုံထည့်ပြီး ၁၅ မိနစ်ခန့် အိုးအဖုံး မပိတ်ပဲ တည်ထားရပါမည် ။
  8. ကြက်ခြေထောက်များကို အရမ်း နူးအိပြီး အရိုးအဆစ်များ ပြုတ်သည်ထိ မတည်ရပါဘူး ။
  9. အနေတော်နူးအိပြီး ဆော့အနှစ်နဲ့ကြက်ခြေထောက်များ ကပ်နေသည့် ခပ်ပျစ်ပျစ် ဖြစ်လာပါက မီးပိတ်ချပြီး ပန်းကန်ထဲသို့ ထည့်ကာ ပလက်စတစ် လက်အိပ်စွတ်၍ အသင့် စားသုံးနိုင်ပါပြီ ။
** တစ်ပွဲစာ (ကြက်ခြေထောက် ၁၂ ချောင်း) ချက်နည်း ဖြစ်ပါသည် ။ အစပ်ကြိုက်ပါက ငရုပ်သီးခြောက် ပိုထည့် နိုင်ပါသည် ။ ဆာကေး (Sake) ဂျပန်အရက် မရှိပါက ဆန်ဝိုင် (Rice Wine) ထည့်လို့ရပါသည် ။

ကျေးဇူးတင်ပါသည် ။

Credit: ဇွဲသုသု (၂၁.၇.၂၀၁၆)

Review

User Rating

4.8 (6 Votes)