အားလုံးပဲ မင်္ဂလာပါ။ MyFood Myanmar ရဲ့ စာဖတ်ပရိတ်သတ်တွေထဲမှာ အပ်မှိုကြိုက်သူတွေ ပါလားမသိဘူးရှင့်။ အပ်မှိုက စားလိုက်ရင် ထုပ်ထုပ်လေးနဲ့ အလွန်အရသာရှိပါတယ်နော်။

မှိုထဲမှာမှ အပ်မှိုကို အကြိုက်ဆုံးဆိုတဲ့ စာဖတ်သူများအတွက် အပ်မှိုပန်ကိတ်လုပ်နည်းလေးကို ဖော်ပြပေးလိုက်ရပါတယ်။

ပါဝင်ပစ္စည်းများ

  • အပ်မှို – ၂၀၀ ဂရမ်
  • ဂျုံမှုန့် သို့မဟုတ် ဆန်မှုန့် – စားပွဲတင်ဇွန်း ၂ ဇွန်း
  • နှမ်းဆီ – လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ကြက်ဥ (ခေါက်ပြီးသား) – ၂ လုံး
  • မုန်လာဥနီ (သေးသေးလေးတွေလှီးပြီးသား) – ၂၀ ဂရမ်

  • ကြက်သွန်နီ (သေးသေးလေးတွေလှီးပြီးသား) – ၁၀ ဂရမ်
  • ကြက်သွန်မိတ် (သေးသေးလေးတွေလှီးပြီးသား) – ၅ ဂရမ်
  • ဆား – လက်ဖက်ရည်ဇွန်း ၈ ပုံ ၁ ပုံ
  • ငရုပ်ကောင်းမှုန့်နှင့် ဆီအနည်းငယ်

ပြင်ဆင်ချက်ပြုတ်နည်း

၁။ အပ်မှိုတွေကို ဖင်ပိုင်းဖြတ်လိုက်ပြီး သေချာရေဆေးပါ။ ပြီးရင် အပိုင်းလေးတွေအများကြီးရအောင် လုပ်လိုက်ပြီး ပန်းကန်ကြီးကြီးတစ်ခုထဲထည့်ကာ အပေါ်မှ ဂျုံမှုန့်နှင့် နှမ်းဆီတို့ကို ဖြူးပေးလိုက်ပါ။

၂။ ခေါက်ပြီးသားကြက်ဥတွေကို လှီးထားတဲ့ ဟင်းသီးဟင်းရွက်တွေ၊ ဆား၊ ငရုပ်ကောင်းမှုန့်တို့နဲ့အတူ ပန်းကန်လုံးတစ်ခုထဲမှာရောထည့်ကာ သေချာမွှေပေးပါ။ ဂျုံမှုန့်ဖြူးထားတဲ့ အပ်မှိုတွေကို ကြက်ဥအနှစ်ပန်းကန်လုံးထဲထည့်ပေးပါ။

၃။ ဒယ်အိုးပြားကို မီးအနေတော်မှာ အပူပေးပြီး အိုးပူလာပြီဆိုရင် ဆီထည့်ကာ ဒယ်အိုးအနှံ့ပျံ့အောင်လုပ်လိုက်ပါ။

၄။ ပန်းကန်လုံးထဲမှ အပ်မှိုတွေကို တစ်ဇွန်းစာအပြည့်ယူလိုက်ပြီး ဒယ်အိုးထဲထည့်လိုက်ပါ။ တစ်ဖက်ကိုမလှန်ခင်မှာ အပ်မှိုတွေအညိုရောင်သမ်းသွားသည့်အထိ သေချာကြော်ပေးပါ။ နှစ်ဖက်စလုံးကျက်သွားပြီဆိုရင်တော့ ဒယ်အိုးကိုမီးဖိုပေါ်မှ ချပါ။

၅။ ကျန်ရှိနေသေးတဲ့ အပ်မှိုတွေကိုလည်း ထိုနည်းတူအတိုင်းပြုလုပ်ပေးပါ။ တစ်ခုနဲ့တစ်ခုကြားမှာ ဆီနည်းသွားပါက တူးတာမဖြစ်ရလေအောင် ဆီအနည်းငယ် ထပ်ထပ်ထည့်ပေးပါ။

ပြီးရင်တော့ အရသာရှိတဲ့ အပ်မှိုပန်ကိတ်လေးတွေကို ပူပူနွေးနွေးလေးမှာ သုံးဆောင်နိုင်ပါပြီ။

Source: mykoreankitchen.com