အသည်းအမြစ်ထဲမှာ ဗီတာမင် အေ၊ သံဓာတ်၊ ဇင့်ဓာတ်၊ ပရိုတိန်းဓာတ်၊ ဗီတာမင် ဒီ ဓာတ်၊ ဗီတာမင် စီ၊ ဗီတာမင် B6 အပြင် အခြားသော ဗီတာမင်ဓာတ်များ ကြွယ်ဝစွာ ပါဝင်တဲ့အတွက်ကြောင့် ကျန်းမာရေးအတွက် အထောက်အကူပြုတာမို့လို့ စားသုံးပေးသင့်တဲ့ အစားအစာတစ်မျိုးပဲဖြစ်ပါတယ်။

ဒါ့ကြောင့် အသည်းအမြစ်ကြိုက်နှစ်သက်သူတွေအတွက် ဒီတစ်ခေါက် ဝေမျှပေးချင်တဲ့ ဟင်းလျာပြုလုပ်နည်းကတော့ ဝက်အသည်း ကြက်သွန်ကြော်ပဲဖြစ်ပါတယ်။ အသည်းမစားတဲ့သူတွေတောင် တစ်ကိုက်မြည်းကြည့်တာနဲ့တင် ဆွေမျိုးမေ့သွားစေမယ့် ဟင်းလျာလေးတစ်ခုဆိုလည်း မမှားပါဘူး။

ပါဝင်ပစ္စည်းများ

Photo Source: therevivalfarm.com

  • ဝက်အသည်း ၁ ပေါင်ခန့်
  • နွားနို့ ဖန်ခွက် ၁ ခွက်စာ
  • ကြက်သွန်နီ ၁ လုံး
  • ဂျုံမုန့် ဖန်ခွက် တစ်ဝက်ခန့်

  • ဆားအနည်းငယ်
  • ဟင်းရွက်ဆီ စားပွဲတင်ဇွန်း ၃ ဇွန်း
  • ငရုတ်ကောင်းမုန့် အနည်းငယ်

ပြုလုပ်နည်းအဆင့်ဆင့်

ဝက်အသည်းများကို အကျိအချွဲများ ကုန်စင်သွားတဲ့အထိ ရေဆေးပေးပါ။ ပြီးရင် အသည်းတုံးများကို နှစ်ပုံတစ်ပုံခန့်ကနေ လေးပုံတစ်ပုံခန့်အထိ တုံးထားပါ။

တုံးထားသော ဝက်အသည်းများကို နွားနို့ထဲထည့်ပြီး မိနစ် ၃၀ ကနေ တစ်နာရီအထိ စိမ်ထားပေးပါ။

ကြက်သွန်နီကို အခွံခွာပြီး ကြက်သွန်ကွင်းလေးတွေဖြစ်အောင် လှီးထားပါ။

ပြီးရင်တော့ ဝက်အသည်း စကြော်ဖို့အတွက် ဒယ်အိုးကို မီးအပူချိန်အလယ်အလတ်နဲ့ တည်ထားပေးပါ။ ဆီ စားပွဲတင်ဇွန်း ၃ ဇွန်းထည့်ပါ။ ဆီကျက်လာပြီဆိုရင်တော့ ဝက်အသည်းများ စတင်ကြော်လို့ရပါပြီ။ ဒါပေမဲ့ အိုးထဲ မထည့်ခင်မှာ နွားနို့ထဲက အသည်းတုံးများကို ဂျုံမုန့်လေးနဲ့ ကပ်ပေးရပါဦးမယ်။ ပြီးမှ အိုးထဲထည့်ကြော်ရမှာနော်။ တစ်ခြမ်းစီကို ၃ မိနစ်ခန့် ကြော်ပေးပြီး အခြားတစ်ဖက် ဆက်လှန်ပြီး ၃ မိနစ်ဆက်ကြော်ပေးပါ။

ငရုတ်ကောင်းနဲ့ ဆားအနည်းငယ်ထည့်လိုက်ပါ။ ပြီးမှ ကြက်သွန်နီများ ထပ်ထည့်ပြီး ၅ မိနစ်ခန့် ဆက်မွှေပေးလိုက်ပါ။ ဝက်အသည်းများ အကျက်မလွန်ဖို့လည်း သတိထားရပါမယ်။ နို့မဟုတ်ရင် ဝက်အသည်းများက မာမာကြီးဖြစ်သွားပါလိမ့်မယ်။

ကြက်သွန်နီများ ပျော့သွားပြီဆိုရင်တော့ ပန်းကန်ပြားလေးထဲထည့်ပြီး သုံးဆောင်လို့ရပါပြီ။ ဝက်အသည်းကြော်ကို သူ့ချည်းပဲ မစားချင်ဘူးဆိုရင်တော့ ကြက်ဥမွှေကြော်လေးနဲ့လည်း တွဲဖက်စားသုံးပေးနိုင်ပါတယ်။

Source: www.mydeliciousmeals.com