အားလုံးပဲ မင်္ဂလာပါ။ အေးစက်နေတဲ့ထမင်းတွေ၊ မနေ့ညက ထမင်းချက်တာများသွားလို့ အများကြီးကျန်ခဲ့တဲ့ ထမင်းတွေကို မဖြုန်းတီးအောင် ပြုလုပ်တဲ့နည်းကတော့ မနက်စာကို ထမင်းကြော်အဖြစ်ကြော်စားခြင်းပဲဖြစ်ပါတယ်။

ဒါ့ကြောင့် ဒီတစ်ခါမှာတော့ လွယ်ကူရိုးရှင်းပြီး ပုစွန်ကြိုက်နှစ်သက်သူများအတွက် ပုစွန်ထမင်းကြော် ကြော်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ခေါင်းနှင့်အခွံများ ချွတ်ထားသော ပုစွန် ၁ ပေါင်
  • ဆားအနည်းငယ်
  • ငရုတ်ကောင်းမှုန့် အနည်းငယ်
  • သံလွင်ဆီ စားပွဲတင်ဇွန်း ၃ ဇွန်း
  • ကြက်ဥ ၄ လုံး
  • ကြက်သွန်မြိတ်
  • ပန်းကန်လုံး ၅ လုံးစာ ထမင်း
  • ပဲလုံးနှင့် ပါးပါးလှီးထားသောမုန်လာဥနီ ၁၂ အောင်စခန့်
  • ပဲငံပြာရည် စားပွဲတင်ဇွန်း ၂ ဇွန်း
  • နှမ်းဆီ လက်ဖက်ရည်ဇွန်း တစ်ဇွန်းနှင့် တစ်ဝက်ခန့်

ပြုလုပ်နည်းအဆင့်ဆင့်

ပန်းကန်လုံးကြီးတစ်လုံးထဲသို့ ပုစွန်ထည့်ပြီး ဆားနှင့် ငရုတ်ကောင်းအနည်းငယ်ဖြူးကာ သမအောင် နယ်ပြီး ၁၀ မိနစ်ခန့် သိပ်ထားပါ။

အဲ့ဒီအချိန်မှာ ကြက်ဥ ၄ လုံးကို မွှေခလောက်ထားပါ။

ကြက်သွန်မြိတ်များ ပါးပါးလှီးထားပါ။

ထို့နောက် ဒယ်အိုးကို အပူပေးပြီး ဆီ စားပွဲတင်ဇွန်း ၂ ဇွန်း ထည့်ကာ ပုစွန်များကို တစ်ဖက် ၁ မိနစ်စီ ကြော်ပြီး တစ်မိနစ်ပြည့်ပါက နောက်ထပ် တစ်ခြမ်းထပ်လှန်ပေးလိုက်ပါ။

ပြီးရင် ကြော်ထားသောပုစွန်များက ပန်းကန်ပြားထဲထည့်ထားပါ။

ထိုဒယ်အိုးနဲ့ပဲ ကြက်ဥကြော်လိုက်ပါ။

ကြက်ဥကို ကျက်တဲ့အထိ မကြော်ဘဲ ဇွန်းနဲ့မွှေပေးလိုက်ပြီး ပန်းကန်လုံးထဲ ပြောင်းထည့်လိုက်ပါ။

ထို့နောက် ဒယ်အိုးထဲသို့ ဆီ စားပွဲတင်ဇွန်း ၁ ဇွန်းထပ်ထည့်ပြီး ကြက်သွန်မြိတ်များထည့်ကာ စက္ကန့် ၃၀ ခန့် ကြော်ပေးပါ။

ပြီးရင် ပန်းကန်လုံး ၅ လုံးစာ ထမင်းများကို ဒယ်အိုးထဲထည့်ပါ။ မိနစ်အနည်းငယ်ကြာမွှေပြီးနောက် ၂ မိနစ် ၃ မိနစ်ခန့် မမွှေဘဲ ဒီအတိုင်းထားပါ။

ထို့နောက် ပဲငံပြာရည် စားပွဲတင်ဇွန်း ၂ ဇွန်းခန့် ထပ်ထည့်ပြီး မွှေပေးပါ။ နှမ်းဆီ လက်ဖက်ရည်ဇွန်း တစ်ဇွန်းနဲ့တစ်ဝက်ထပ်ထည့်ပြီး သမအောင် မွှေပေးပါ။

ပြီးတဲ့အခါ ပဲလုံးနဲ့ ပါးပါးလှီးထားသော မုန်လာဥနီများထပ်ထည့်ပြီး ဇွန်းနဲ့မွှေပေးရပါမယ်။

ပြီးတော့မှ ပုစွန်နဲ့ ကြက်ဥကြော်များ ပေါင်းထပ်ပြီး သမအောင် မွှေပေးလိုက်ပါ။ ပဲငံပြာရည်အနည်းငယ် ထပ်ထည့်ပြီး အပေါ့အငန်မြည်းပေးလိုက်ပါ။

အရသာမြည်းကြည့်ပြီးသွားတဲ့အခါမှာတော့ အရသာရှိလှတဲ့ ပုစွန်ထမင်းကြော်ပူပူနွေးနွေးလေးကို မနက်စာအဖြစ်သုံးဆောင်နိုင်ပါပြီ။

ဒီပုစွန်ထမင်းကြော် ကြော်တဲ့အခါ သတိထားရမှာက ပါဝင်ပစ္စည်းများကို စုပုံထည့်ပြီး မွှေရမှာမဟုတ်ဘဲ ပါဝင်ပစ္စည်းတစ်ခုချင်းစီထည့်လိုက် မိနစ်အနည်းငယ်လောက် မွှေပေးလိုက် လုပ်ရမှာပါ။ ဒါ့အပြင် ပန်းကန်လုံး ၅ လုံးစာ ထမင်းကလည်း ပူနွေးနေလို့မရပါဘူး။ ဒယ်အိုးထဲမှာ ထမင်းတွေ ကပ်ကျန်ပြီး ထမင်းတူးသွားတတ်လို့ပါပဲ။

Source: natashaskitchen.com