ပိတ်ရက်တွေမှာပဲဖြစ်ဖြစ် မိသားစုအတွက် မုန့်လုပ်ကျွေးချင်တဲ့သူတွေနဲ့ ကိုယ်တိုင်လုပ်စားချင်တဲ့သူတွေအတွက် လုပ်ရတာလွယ်ကူပြီး အရသာရှိတဲ့ မုန့်လုပ်နည်းလေးတွေကို မျှဝေပေးချင်ပါတယ်။ ဒီတစ်ခါမှာတော့ သကြားကိုအဓိကထားပြီးပြုလုပ်ထားတဲ့ ခရင်မ်ပူတင်းပြုလုပ်နည်းလေးကို ပြောပြပေးလိုက်ပါတယ်။ အချိုကြိုက်တဲ့သူတွေကတော့ ဒီမုန့်လုပ်နည်းလေးကို သဘောကျနှစ်သက်မှာပါ။

ခရင်မ်ပူတင်းစတင်ပြုလုပ်ဖို့အတွက် အိုးကို မီးဖိုပေါ်တင်ပြီး သကြား – ခွက်တစ်ဝက်စာထည့်ပြီး သကြားအရည်တွေဖြစ်သွားတဲ့အထိ မွှေပြီးတည်ထားပေးပါ။ ပြီးရင်တော့ ပူတင်းလုပ်မယ့်ပန်းကန်အသေး သုံးခွက်ထဲကို မျှပြီးထည့်လိုက်ပါ။

နောက်ထပ်ခွက်တစ်ခုထဲကို ကြက်ဥအနှစ် – ၃ လုံး၊ ကြက်ဥ – ၂လုံး၊ Vanilla – လက်ဖက်ရည်ဇွန်းတစ်ဇွန်းနဲ့ သကြား – ခွက်ရဲ့ သုံးပုံပုံ တစ်ပုံစာထည့်ပြီး သမအောင်မွှေပေးပါ။

နောက်ထပ်အိုးတစ်လုံးကို မီးဖိုပေါ်တင်ပြီး အိုးထဲကို နွားနို့ – တစ်ခွက်ခွဲစာနဲ့ Heavy Cream – စားပွဲတင်ဇွန်း ၆ ဇွန်းစာထည့်ပြီး တည်ထားလိုက်ပါ။ ဆူလာတဲ့အခါကျရင်တော့ ခုနကမွှေထားတဲ့ ကြက်ဥခွက်ထဲကို ဇကာနဲ့စစ်ပြီး ထည့်ပေးပါ။ ပြီးရင်ထပ်မွှေပါ။

ပထမဆုံးလုပ်ထားတဲ့ ပူတင်းပန်းကန်လေးတွေကိုယူပြီး မွှေထားတာတွေကို ညီတူညီမျှလောင်းထည့်ပေးပါ။ ပြီးရင်တော့ အိုးတစ်လုံးထဲကို ရေထည့်ပြီး ခွက်သုံးခွက်လုံးကိုထည့်ကာ အဖုံးပိတ်ပြီး မိနစ် ၃၀ လောက် တည်ထားပေးပါ။

ရပြီဆိုရင်တော့ ခွက်ရဲ့ဘေးပတ်ပတ်လည်ကို ဓားနဲ့အရာပေးပြီး ပန်းကန်ပြားထဲကို မှောက်ချလိုက်ပါ။ ဒါဆိုရင်တော့ ချိုစိမ့်နေတဲ့ သကြားနဲ့ပြုလုပ်ထားတဲ့ ခရင်မ်ပူတင်းကို ရရှိသွားပါပြီ။

Photo Source: www.sweeten.com