ကြက်သားတို့၊ အသီးအရွက်တို့ကို ဒီတိုင်းကြော်စားရတာရိုးလာရင် အရသာရှိရှိလေးနဲ့ ပိုပြီးစားလို့ကောင်းသွားအောင် နှစ်မျိုးလုံးကို ရောကြော်ကြည့်လိုက်ပါ။ ဒါဆိုရင် အရသာရှိအောင် စားချင်စဖွယ်ဖြစ်အောင် ဘယ်လိုကြော်စားရမလဲဆိုတာ ပြောပြပေးလိုက်ပါတယ်။

ပထမဆုံးအနေနဲ့ စကြော်ဖို့အတွက် ဒယ်အိုးထဲကိုဆီထည့်ပြီး နုတ်နုတ်ဆင်းထားတဲ့ ကြက်သွန်နီ – စားပွဲတင်ဇွန်း ၂ ဇွန်းစာထည့်မွှေပါ။

နုတ်နုတ်ဆင်းထားတဲ့ ကြက်သွန်ဖြူ – လက်ဖက်ရည်ဇွန်း ၂ ဇွန်းစာနဲ့ နုတ်နုတ်ဆင်းထားတဲ့ ဂျင်း – လက်ဖက်ရည်ဇွန်း ၂ ဇွန်းစာတို့ကို ထည့်မွှေပါ။

နုတ်နုတ်ဆင်းထားတဲ့ (သို့) ကြိတ်ထားတဲ့ ကြက်သား – ၂၅၀ ဂရမ်ကို ထည့်ကြော်ပါမယ်။ ၂ မိနစ်လောက် မွှေပြီး ကြော်နေပေးပါ။

အကွင်းလေးတွေလှီးထားတဲ့ ပန်းငရုပ်ပွ – ခွက်တစ်ဝက်စာကိုလည်း ထည့်ပါမယ်။ လှီးထားတဲ့ ကညွန့် – ခွက်တစ်ဝက်စာကိုလည်း ထည့်ပါမယ်။ ပန်းဂေါ်ဖီစိမ်းလည်း ထည့်ပါမယ်။ ပြီးရင် ၃ မိနစ်လောက် မွှေပြီး ကြော်နေပေးပါ။

ဆား – အနည်းငယ်၊ ငရုပ်ကောင်းမှုန့် – အနည်းငယ်ထည့်မွှေပြီး ဟင်းနုနွယ်ကြိုက်ရင်လည်း နည်းနည်းထည့်ကြော်ပေးပါ။

ခွက်ထဲကို ရေ – စားပွဲတင်ဇွန်း ၂ ဇွန်းနဲ့ ပဲငံပြာရည် – စားပွဲတင်ဇွန်း ၂ ဇွန်းထည့်ပြီး ခရုဆီ – စားပွဲတင်ဇွန်း ၁ ဇွန်းထည့်မွှေပါ။ ပြီးရင် ဒယ်အိုးထဲထည့်ပြီး သမအောင်မွှေပေးပါ။

အစပ်ကြိုက်ရင် ငရုပ်သီးမှုန့်လေးပါ နည်းနည်းထည့်ပြီး မွှေပေးပါ။ ၁ မိနစ်လောက် ထပ်ကြော်ပြီးရင်တော့ ရပါပြီ။

ဒါဆိုရင်တော့ ပန်းကန်ထဲခူးထည့်ပြီး စားသုံးနိုင်ပါပြီ။ ဝိတ်ချနေလို့ ထမင်းမစားတဲ့သူတွေဆိုရင်လည်း ဒါလေးပဲကြော်စားလို့ရတာပေါ့။

Source: www. spicebangla