ကြက်ဥကြော်ဆိုရင် တော်တော်များများက ကြက်သွန်လေးနဲ့ကြော်စားလိုက်၊ ဒီတိုင်းကြော်စားလိုက်နဲ့ပဲ လုပ်နေကြတာများပါတယ်။ ဒါကြောင့် ထူးထူးခြားခြားလေးလည်းဖြစ်သွားပြီး စားရတာလည်းအရသာပိုကောင်းစေမယ့် ကြက်ဥကြော်နှစ်မျိုး ပြုလုပ်နည်းကို မျှဝေပေးလိုက်ပါ။ ဒါ့အပြင် ဒီကြက်ဥကြော်တွေက ကြော်ရတာလည်း လွယ်ကူသလို ဝိတ်လည်းကျစေတဲ့အတွက် ထမင်းနဲ့မစားပဲ ဒီတိုင်း မနက်စာအဖြစ် ထိုင်စားလို့တောင်ရပါတယ်။

ပထမတစ်မျိုးအတွက် ဒယ်အိုးထဲကို ဆီ – စားပွဲတင်ဇွန်းတစ်ဇွန်းစာထည့်ပြီး လှီးထားတဲ့ အနီရောင်ငရုပ်သီးအပွ – စားပွဲတင်ဇွန်း ၂ ဇွန်းနဲ့ ပါးပါးလှီးထားတဲ့ ကြက်သွန်မြိတ် – စားပွဲတင်ဇွန်း ၁ ဇွန်းထည့်ကြော်ပါ။

ပန်းကန်ထဲကို ကြက်ဥ – ၂ လုံးဖောက်ထည့်ပြီး ငရုပ်ကောင်းမှုန့် – အနည်းငယ်နဲ့ ဆား- အနည်းငယ်တို့ကို ထည့်ခလောက်ပါ။ ပြီးတာနဲ့ အဆီထုတ်ထားတဲ့နွားနို့ – စားပွဲတင်ဇွန်း ၂ ဇွန်းထည့်ခလောက်ပြီး ဒယ်အိုးထဲထည့်ကြော်ပါ။

ထောပတ်သီးတစ်ခြမ်းကို အတုံးသေးသေးလေးတွေလှီးပြီး ကြက်ဥကြော်ပေါ်ကိုဖြူးပေးပါ။ ပြီးရင်တော့ ချိစ်ချောင်းလေးတွေကို အနည်းငယ်ဖြူးပေးပြီး အဖုံးပိတ်ထားလိုက်ပါ။

နောက်ဆုံးမှာတော့ ကြက်ဥကြော်ကိုရရှိသွားပါပြီ။ ဒီကြက်ဥကြော်က ထမင်းစားရင် သိပ်မလိုက်ဖက်တဲ့အတွက် မနက်စာအဖြစ် စားပြီး ကော်ဖီတွေ၊ နွားနို့တွေနဲ့ သောက်ပေးမယ်ဆိုရင်တော့ အဆင်ပြေစေမှာပါ။

ဒုတိယတစ်မျိုးအတွက် ဒယ်အိုးထဲကို ဆီ – အနည်းငယ်နဲ့ ပါးပါးသေးသေးလေးတွေလှီးထားတဲ့ ကြက်သွန်နီ – ခွက်ရဲ့လေးပုံ ပုံ တစ်ပုံစာ၊ လှီးထားတဲ့ဟင်းနုနွယ် – ခွက်တစ်ဝက်စာနဲ့ သေးသေးလေးတွေလှီးထားတဲ့ ခရမ်းချဉ်သီး – ခွက်ရဲ့လေးပုံ ပုံ တစ်ပုံစာထည့်ကြော်ပါ။ ရလောက်ပြီဆိုရင်တော့ လှီးထားတဲ့ကြက်ဥချောင်း (သို့) ဝက်အူချောင်းတွေကို ထည့်ပေးပါ။

ပန်းကန်ထဲကို ကြက်ဥ – ၂ လုံးဖောက်ထည့်ပြီး ငရုပ်ကောင်းမှုန့် – အနည်းငယ်နဲ့ ဆား- အနည်းငယ်တို့ကို ထည့်ခလောက်ပါ။ ပြီးရင်တော့ ဒယ်အိုးထဲထည့်ပြီး ကြော်ပေးပါ။ အပေါ်ကနေ ချိစ်ချောင်းလေးတွေဖြူးပေးပြီး အဖုံးပိတ်ကာ ခဏထားလိုက်ပါ။

ရလောက်ပြီဆိုရင်တော့ ပန်းကန်ထဲထည့်ကာ စားသုံးနိုင်ပါပြီ။ ဒီကြက်ဥကြော်ကျတော့ ဒီတိုင်းစားလို့လည်းရသလို၊ မနက်စာအဖြစ်နဲ့လည်း ပထမတစ်မျိုးလို စားသုံးနိုင်ပါတယ်။ ထမင်းနဲ့စားမယ်ဆိုလည်း လိုက်ဖက်မှုရှိစေပါတယ်။

Photo Source: www.theseriousfitness.com