ပန်ကိတ်ကြိုက်တဲ့သူတွေအတွက် အိမ်မှာအလွယ်တကူလုပ်စားလို့ရအောင် ပြုလုပ်နည်းလေးတွေကို မျှဝေပေးလိုက်ပါတယ်။ စားလိုက်တာနဲ့ အရသာရှိနေမယ့်အပြင် လုပ်ရတာလည်း လွယ်ကူရိုးရှင်းလို့ အားလုံးပဲ သဘောကျနှစ်သက်မှာပါ။

ထောပတ်သီးပန်ကိတ်

ထောပတ်သီးပန်ကိတ်ပြုလုပ်ဖို့ Blander ထဲကို လှီးထားတဲ့ငှက်ပျောသီး – ၁ လုံး၊ ကြက်ဥ – ၂ လုံးနဲ့ လှီးထားတဲ့ထောပတ်သီး – တစ်ဝက်တို့ကို ထည့်မွှေပါ။ မွှေထားတာတွေကို ဒယ်အိုးထဲ အနည်းငယ်ထည့်ပြီး ဟိုဘက်၊ ဒီဘက်လှန်ကာ ကြော်ပေးပါ။

သုံးခု၊ လေးခုလောက်ကြော်ပြီးရင် ပန်းကန်ပြားထဲထည့်ပြီး အပေါ်ကနေ ထောပတ်သီးလေးတွေတင်ကာ ပျားရည်ဆမ်းပြီး စားသုံးနိုင်ပါပြီ။ ဒါဆိုရင်တော့ ထောပတ်သီးပန်ကိတ်ကို ရရှိသွားပါပြီ။

ငှက်ပျောသီးပန်ကိတ်

ပန်းကန်လုံးထဲကို လှီးထားတဲ့ငှက်ပျောသီး – ၂ လုံးထည့်ကာ ချေပေးပါ။ ကြေညှက်သွားပြီဆိုရင်တော့ ကြက်ဥ – ၂ လုံးဖောက်ထည့်ပြီး မွှေပေးပါ။ Vanilla Extract – လက်ဖက်ရည်ဇွန်း ၁ ဇွန်းထည့်မွှေပြီး ဒယ်အိုးထဲ အနည်းငယ်ထည့်ကာ ကြော်ပေးပါ။

ခုနကလိုပဲ သုံးခု၊ လေးခုလောက်ကြော်ပြီးရင် ပန်းကန်ထဲထည့်ပြီး အပေါ်ကနေ ငှက်ပျောသီးလေးတွေတင်ကာ ပျားရည်ဆမ်းပြီး စားသုံးနိုင်ပါပြီ။ ဒါဆိုရင်တော့ ငှက်ပျောသီးပန်ကိတ်ကို ရရှိသွားပါပြီ။

ပန်ကိတ်တွေကိုစားသုံးတဲ့အခါမှာ မနက်စာအဖြစ် ကော်ဖီ၊ နွားနို့နဲ့လည်း တွဲဖက်စားသုံးနိုင်သလို၊ နေ့လည်စာအဖြစ်လည်း အအေးနဲ့တွဲကာ စားသုံးနိုင်ပါတယ်။ ညဘက်ဗိုက်ဆာတဲ့အခါမှာလည်း ပန်ကိတ်ကို စားသုံးနိုင်ပါသေးတယ်။

Photo Source: www.theseriousfitness.com