အားလုံးပဲမင်္ဂလာပါနော်။ ပါစတာခေါက်ဆွဲ ကြိုက်တဲ့သူတွေရှိလားရှင့်။ ဒါဆိုရင်တော့ ဒီ ပါစတာခေါက်ဆွဲ ချက်နည်းလေးကို သဘောကျကြမယ်လို့ထင်ပါတယ်။
၁။ ပါစတာခေါက်ဆွဲကို ခရမ်းချဉ်သီးအနှစ် အရသာနဲ့ချက်မယ်
- ပါစတာခေါက်ဆွဲ အနည်းငယ်
- သံလွင်ဆီ အနည်းငယ်
- ကြက်သွန်ဖြူ ၂ မွှာ (ခပ်ပါးပါးလှီးပါ)
- ငရုတ်သီးမှုန့် အနည်းငယ်
- ခရမ်းချဉ်သီးအနှစ်စားပွဲတင်ဇွန်း ၂ ဇွန်း
- ခရမ်းချဉ်သီး ၁ လုံး ပါးပါးလှီးပါ
- တူနာငါး အနည်းငယ် (မထည့်လည်းရပါတယ်)
ပြုလုပ်နည်း
အရင်ဆုံး ရေနွေးပွက်ပွက်ဆူအောင်တည်ပြီး ပါစတာခေါက်ဆွဲနဲ့ ဆားနည်းနည်းထည့်ပြီး ပြုတ်လိုက်ပါ။
ရပြီဆိုရင်တော့ ဆယ်လိုက်ရေဆေးလိုက်ပါ။ အဲဒီနောက် သံလွင်ဆီ၊ ကြက်သွန်ဖြူ၊ ငရုတ်သီးမှုန့်တို့ကို ဒယ်အိုးထဲထည့်လိုက်ပြီး မီးနည်းနည်းနဲ့ ကြော်လိုက်ပါ။ ပြီးရင်တော့ တခြား ပါဝင်ပစ္စည်းတွေထည့်လိုက်ပါ။ ၈ မိနစ် ၁၀ မိနစ်လောက် ကြော်ပေးလိုက်ပြီး တူနာငါးလည်းထည့်လိုက်ပါ။ နောက်ထပ် ၄ မိနစ်လောက်ကြော်လိုက်ပြီးရင်ရပါပြီနော်။
အဲဒီနောက် စောစောကရေဆေးထားတဲ့ ပါစတာခေါက်ဆွဲကိုထည့်ပြီး နယ်ကာ စားသုံးလို့ရပါပြီနော်။
၂။ ခရမ်းချဉ်သီးဆော့စ် အရသာ
- မိမိနှစ်သက်ရာ ပါစတာခေါက်ဆွဲ
- သံလွင်ဆီ
- ကြက်သွန်နီအနည်းငယ် တောက်တောက်စဉ်းပါ
- ငရုတ်သီးမှုန့် အနည်းငယ်
- ကြက်သွန်ဖြူ အနည်းငယ်
- ခရမ်းချဉ်သီးဆော့စ် အနည်းငယ်
- ခရမ်းချဉ်သီး အနည်းငယ်
ပြုလုပ်နည်း
အရင်ဆုံး ခေါက်ဆွဲကို ဆားနည်းနည်းထည့်ပြီးပြုတ်လိုက်ပါ။ ပြီးရင်ရေဆေးလိုက်ပါ။
ဆီ၊ ကြက်သွန်နီကိုထည့်ပြီး သေချာကြော်လိုက်ပါ။ ငရုတ်သီးမှုန့်၊ ကြက်သွန်ဖြူထပ်ထည့်ပြီးကြော်ပါ။ ပြီးရင် ခရမ်းချဉ်သီးကို ထည့်လိုက်ပြီး ပြဲအောင်ကြော်ပေးပါ။ ရေနည်းနည်းထည့်ပါ။ ပြီးရင်ခရမ်းချဉ်သီးဆော့စ်နည်းနည်းထည့်ပါ။
အဲဒီနောက် ဆားနည်းနည်းထည့်လိုက်ပါ။ ပါစတာခေါက်ဆွဲကို အိုးထဲထည့် နယ်ပြီးသုံးဆောင်နိုင်ပါပြီနော်။
Source:www.tasty.com