မတ်ခွက်လေးတစ်လုံးက အအေးများ၊ လက်ဖက်ရည်နှင့် ကော်ဖီတွေ ဖျော်သောက်လို့ရတဲ့အပြင် အရသာရှိတဲ့ အစားအစာများ လုပ်စားလို့လည်း ရပါတယ်။ အရသာရှိတဲ့ အချိုပွဲ လုပ်စားချင်တာလား။ ဒါမှမဟုတ် လွယ်ကူမြန်ဆန်တဲ့ သွားရေစာမုန့် လုပ်စားချင်တာလား။ မတ်ခွက်လေး တစ်လုံးရှိရုံနဲ့တင် အရသာရှိတဲ့ အစားအစာများကို မိနစ်ပိုင်းအတွင်း အလွယ်တကူ လုပ်စားနိုင်ပါတယ်။

၂ မိနစ်တည်း အချိန်ပေးရုံနဲ့ လုပ်စားနိုင်တဲ့ ဝက်ပေါင်ခြောက် ကြက်ဥ

ပါဝင်ပစ္စည်းတွေကတော့ ကြက်ဥ ၂ လုံး၊ ၃ လုံးခန့်၊ ဝက်ပေါင်ခြောက် (သို့) မိမိကြိုက်နှစ်သက်ရာ အသားတစ်မျိုးမျိုး၊ ချိစ် စားပွဲတင်ဇွန်း ၁ ဇွန်း၊ သံလွင်ဆီ၊ ဆားနှင့် ငရုတ်ကောင်းမှုန့် အနည်းငယ်တို့ပဲဖြစ်ပါတယ်။

အရင်ဆုံး မတ်ခွက်ကို သံလွင်ဆီဖြင့် သုတ်လိမ်းလိုက်ပါ။ ထို့နောက် ကြက်ဥများ ဖောက်ထည့်ပြီး ခက်ရင်းဖြင့် မွှေခလောက်လိုက်ပါ။ ဝက်ပေါင်ခြောက်၊ ချိစ်၊ ဆားနှင့် ငရုတ်ကောင်းမှုန့်တို့ထည့်ကာ သမအောင် မွှေပါ။ ပြီးရင်တော့ မိုက်ခရိုဝေ့ဖ်ထဲတွင် တစ်မိနစ်ခန့် ထည့်ထားလိုက်ရုံပါပဲ။ ဒါဆိုရင်တော့ အရသာရှိပြီး ပြုလုပ်ရလွယ်ကူတဲ့ ဝက်ပေါင်ခြောက် ကြက်ဥလေး ရရှိသွားပါပြီ။

ဟင်းရွက်စုံ ကြက်ဥ

ကြက်ဥ အကာ ၄ လုံး (သို့) ကြက်ဥ တစ်ခုလုံး ၂ လုံး၊ ဟင်းနုနွယ် စားပွဲတင်ဇွန်း ၂ ဇွန်း၊ လေးထောင့်အတုံးငယ် လှီးဖြတ်ထားသော ငရုတ်ပွအစိမ်းနှင့် အနီ စားပွဲတင်ဇွန်း ၁ ဇွန်းစီ၊ ခရမ်းချဉ်သီး စားပွဲတင်ဇွန်း ၁ ဇွန်း၊ ချိစ် စားပွဲတင် ၁ ဇွန်း၊ ကြက်သွန်မြိတ်အနည်းငယ်၊ ဆားနှင့် ငရုတ်ကောင်းမှုန့်အနည်းငယ်တို့ လိုအပ်ပါလိမ့်မယ်။

အရင်ဦးဆုံး မတ်ခွက်ကို ဟင်းသီးဟင်းရွက်ဆီဖြင့် သုတ်လိမ်းထားလိုက်ပါ။ ကြက်ဥအကာများ (သို့) ကြက်ဥတစ်ခုလုံး ထည့်ကာ မွှေခလောက်ပါ။ အခြားပါဝင်ပစ္စည်းများထည့်ကာ သမအောင် မွှေပြီးနောက်မှာတော့ မိုက်ခရိုဝေ့ဖ်ထဲထည့်ပြီး ၁ မိနစ်ခန့် အပူပေးလိုက်ပါ။ တစ်မိနစ်ပြည့်ပါက ကြက်ဥများကို မွှေပြီးနောက် မိုက်ခရိုဝေ့ဖ်ထဲ ၁ မိနစ်၊ ၂ မိနစ်ခန့် ကြက်ဥများ ကျက်သည်အထိ ပြန်ထည့်ထားလိုက်ပါ။

ချောကလက်ကိတ် အချိုပွဲ

ချေမွထားသော ကွတ်ကီး စားပွဲတင်ဇွန်း ၂ ဇွန်းခန့်၊ အရည်ဖျော်ထားသော ထောပတ် စားပွဲတင်ဇွန်း ၃ ဇွန်းခွဲ၊ သကြား စားပွဲတင်ဇွန်း ၂ ဇွန်း၊ ကြက်ဥ ၁ လုံး၊ ဗနီလာ လက်ဖက်ရည်ဇွန်း တစ်ဝက်၊ ဂျုံမှုန့် စားပွဲတင်ဇွန်း ၄ ဇွန်း၊ ကိုကိုးမှုန့် စားပွဲတင်ဇွန်း ၂ ဇွန်း၊ မုန့်ဖုတ်ပေါင်ဒါ လက်ဖက်ရည်ဇွန်း ၈ ပုံ ၁ ပုံ၊ ဆား အနည်းငယ်၊ ချောကလက် အတုံးသေး အနည်းငယ်တို့ လိုအပ်ပါလိမ့်မယ်။

အရင်ဦးဆုံး မတ်ခွက်ထဲတွင် ထောပတ်နှင့် ချောကလက်တို့ထည့်ကာ မိုက်ခရိုဝေ့ဖ်ထဲတွင် စက္ကန့် ၃၀ ခန့် အပူပေးပါ။ သတ်မှတ်ချိန်ပြည့်ပါက ကြက်ဥ၊ သကြားနှင့် ဗနီလာတို့ထည့်ပါ။ အခြားပန်းကန်လုံးတစ်လုံးတွင် ဂျုံမှုန့်၊ ကိုကိုးမှုန့်နှင့် မုန့်ဖုတ်ပေါင်ဒါတို့ကို သမအောင် ရောမွှေပါ။ ရရှိလာတဲ့ ဂျုံမှုန့်အရောအနှောကို မတ်ခွက်ထဲထည့်ပါ။ ကွက်ကီးများထည့်ပါ။ သမအောင် မွှေပြီးနောက်မှာတော့ မိုက်ခရိုဝေ့ဖ်ထဲတွင် ၂ မိနစ်ခန့် အပူပြန်ပေးလိုက်ပါ။

Source: Brightside.me