အိမ်မှာနေရင်းနဲ့ အပျင်းပြေလုပ်စားလို့ရအောင် Ovaltine ရေခဲချောင်းပြုလုပ်နည်းကို မျှဝေပေးလိုက်ပါတယ်။ ပါဝင်ပစ္စည်း ၃ မျိုးထဲနဲ့ လုပ်ရမှာဖြစ်တဲ့အပြင် လုပ်နည်းကလည်း အရမ်းလွယ်တာကြောင့် အိမ်မှာ သားသားမီးမီးတို့ကို လုပ်ကျွေးချင်ရင်လည်း ကိုယ်တိုင် အလွယ်တကူ လုပ်ကျွေးလို့ရတာပေါ့။

Ovaltine ရေခဲချောင်းပြုလုပ်ဖို့ လိုအပ်တဲ့ ပါဝင်ပစ္စည်း ၃ မျိုးကတော့ နွားနို့၊ နို့ဆီ နဲ့ Ovaltine ပဲဖြစ်ပါတယ်။

စတင်ပြုလုပ်ဖို့အတွက် ကျိုထားပြီးသားဖြစ်တဲ့ နွားနို့အပူ – ၃၀၀ မီလီလီတာကို ခွက်ထဲထည့်ပါ။

နွားနို့ခွက်ထဲကို Ovaltine အထုပ် – ၅ ထုပ် ဖောက်ထည့်ပြီး မွှေပေးပါ။ ပြီးကျရင် အထုပ်ထဲကိုထည့်ပြီး ရေခဲချောင်းလုပ်မှာဖြစ်လို့ အထုပ်ကိုဖောက်တဲ့အခါ ထိပ်တွေကို ညီညီလေး ကပ်ကြေးနဲ့ညှပ်ပေးပါ။

နို့ဆီ – ခွက်တစ်ဝက်စာကို ထည့်ပြီး သမအောင်မွှေပေးပါ။

သေချာမွှေပြီးရင် ဖန်ခွက်ထဲကို Ovaltine အထုပ်လေးတွေထောင်ထည့်ပြီး ခုနကမွှေထားတာတွေကို ထည့်ပေးပါ။ ထည့်ပြီးရင် သစ်သားတုတ်ချောင်းလေးတွေစိုက်ပါ။ ပြီးရင်တော့ ပလတ်စတစ်နဲ့ ပိတ်ပေးရပါမယ်။ ဒါမှ ပိုပြီးခဲတာမြန်ပါလိမ့်မယ်။

အားလုံးပြီးပြီဆိုရင်တော့ ရေခဲသေတ္တာထဲမှာ အနည်းဆုံး ၅ နာရီကြာအောင် ထည့်ထားပေးရပါမယ်။ တစ်ညထားလည်း ရပါတယ်။

အချိန်ပြည့်လို့ ခဲပြီဆိုရင်တော့ အသင့်စားသုံးနိုင်တဲ့ Ovaltine ရေခဲချောင်းကို ရရှိသွားပြီပဲ ဖြစ်ပါတယ်။

Source: www.friendcheapmenu