အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာ ဝေမျှပေးချင်တဲ့ အစားအစာချက်ပြုတ်နည်းကတော့ ဝက်သား ကြက်ဥလုံးဟင်းလျာလေးပဲဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ကြက်ဥ ၈ လုံး
  • ဝက်သား (သို့) ဝက်အူချောင်း ပန်းကန်လုံး ၁ လုံးခွဲစာ
  • ချိစ် ပန်းကန်လုံး ၁ လုံးစာ
  • ဆားနှင့် ငရုတ်ကောင်းမှုန့် အနည်းငယ်

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ဝက်သား (သို့) ဝက်အူချောင်းများကို အနေတော် အတုံး တုံးထားလိုက်ပါ။

ဒယ်အိုးကို အပူပေးပြီးနောက် ဆီအနည်းငယ်ထည့်ကာ ဝက်သားများကို ကျက်တယ်ဆိုရုံလေး ကြော်ပေးလိုက်ပါ။ ထို့နောက် လေးထောင့်အတုံးငယ် ထပ်လှီးထားလိုက်ပါ။

၂။ ကြက်ဥ ၈ လုံးကို ပန်းကန်လုံးထဲထည့်ကာ သမအောင် မွှေခလောက်လိုက်ပါ။ ထို့နောက် ဝက်သား၊ ချိစ်၊ ဆားနှင့် ငရုတ်ကောင်းမှုန့်တို့ထည့်ကာ သမအောင် ထပ်မွှေပါ။

၃။ ကိတ်မုန့်ဖုတ်သည့် Muffin ပုံစံခွက်ငယ်များကို ဆီဖြင့် သုတ်လိမ်းထားလိုက်ပါ။ ထို့နောက် စောစောက မွှေခလောက်ထားသော ဝက်သား ကြက်ဥများကို ထိုပုံစံခွက်ထဲထည့်ပါ။ ခွက်အပြည့်မထည့်ဘဲ ၃ ပုံ ၂ ပုံ ခန့်သာ ထည့်ရပါမယ်။

၄။ ထို့နောက် ၃၅၀ ဒီဂရီဖာရင်ဟိုက်ဖြင့် ကြိုတင်အပူပေးထားသော Oven ထဲထည့်ကာ မိနစ် ၃၀ ခန့် ထည့်ဖုတ်လိုက်ပါ။

သတ်မှတ်ချိန်ပြည့်တဲ့အခါမှာတော့ အရသာရှိတဲ့ ဝက်သား ကြက်ဥလုံးများ ရရှိသွားပါပြီ။

စာဖတ်သူတို့အနေနဲ့ ပါဝင်ပစ္စည်း (၄) မျိုးအပြင် ဒီ့ထက်ပိုပြီး အရသာရှိရှိ စားသုံးချင်တယ်ဆိုရင်တော့ ငရုတ်ပွ၊ မှို၊ ကြက်သွန်နီနှင့် ဟင်းနုနွယ် စသည်ဖြင့် မိမိကြိုက်နှစ်သက်ရာတစ်မျိုးမျိုးကို ထပ်ပေါင်းထည့်နိုင်ပါတယ်။

Source: Recipe-diaries.com