အားလုံးပဲမင်္ဂလာပါနော်။ နာမည်ကျော်ပြီးလူကြိုက်များတဲ့ စိန်တလုံးသရက်သီးမှည့်လေးကို အချိုပွဲ၊ ဖျော်ရည်လေးတွေ လုပ်သောက်ကြရအောင်ပါ။

စိန်တလုံးသရက်သီးမှည့်ချိုချိုလေးနဲ့ ပြုလုပ်ပေးလို့ရတဲ့ အစားအစာ (၅) မျိုးကို မျှဝေပေးသွားမှာဖြစ်ပါတယ်နော်။

စိန်တလုံးသရက်သီးရေခဲမုန့်

ပါဝင်ပစ္စည်း

စိန်တလုံးသရက်သီးမှည့် – ၂ လုံး

ဒိန်ချဉ် – ၁၂၀ မီလီလီတာ

ပျားရည် – ၆၀ မီလီလီတာ

သံပရာရည် – စားပွဲတင်ဇွန်း ၂ ဇွန်း

ပြုလုပ်နည်း

သရက်သီး ၂ လုံးကိုအခွံခွာကာ အတုံးသေးသေးလေးတွေလှီးပြီး ရေခဲသေတ္တာထဲမှာ မိနစ် ၃၀ လောက်ထည့်ထားလိုက်ပါ။ ပြီးရင် Blender ထဲကို ဒိန်ချဉ် ထည့်ပြီး ပျားရည်နဲ့ သံပုရာရည်ညှစ်ထည့်ပါ။ နောက်ဆုံးမှာတော့ ရေခဲသေတ္တာထဲကသရက်သီးကို Blender ထဲထည့်ပြီး မွှေလိုက်ပါ။

Blender နဲ့သေချာမွှေပေးပြီးတဲ့အခါမှာတော့ ဘူး (သို့) ကိုယ့်ကြိုက်နှစ်သက်ရာတစ်ခုခုကိုယူပြီး မွှေထားတာတွေကိုထည့်ပေးပါ။ ပြီးရင်တော့ ရေခဲသေတ္တာထဲမှာ တစ်နာရီ (သို့) တစ်နာရီခွဲကြာအောင် ထည့်ထားလိုက်ပါ။

အချိန်ပြည့်သွားတဲ့အခါမှာတော့ အသင့်စားသုံးနိုင်တဲ့ သရက်သီးရေခဲမုန့်ကို ပန်းကန်ထဲထည့်ပြီး စားလို့ရပါပြီ။

အုန်းနို့ကောက်ညှင်းနဲ့ စိန်တလုံးသရက်သီးမှည့်

ပါဝင်ပစ္စည်းများ

ကောက်ညှင်းဆန်ကောင်းကောင်း – ၂ ခွက်( လက်ဖက်ရည်ပန်းကန်လုံး)

အုန်းနို့ – ၂ ခွက်

သကြား – ၄ ဇွန်း (ထမင်းစားဇွန်း)

ဆား – ဇွန်းဝက် (လက်ဖက်ရည်ဇွန်း)

နှမ်း – အနည်းငယ်

စိန်တလုံး သရက်သီးမှည့် – ၂ လုံး

ပြုလုပ်နည်း

ကောက်ညှင်းမပေါင်းမီ ရေဆေးပြီး အနည်းဆုံး (၆) နာရီခန့် ရေစိမ်ထားပါ။

ရေစိမ်ထားတဲ့ ကောက်ညှင်းတွေကို အဝတ်စပါးခံပြီး ပေါင်းအိုးမှာ အငွေ့ကောင်းကာင်းနဲ့ပေါင်းပါ။ ကောက်ညှင်းနပ်ပြီဆို မပျော့ခင် ချထားပြီး အအေးခံ ထားပါ။

ပြီးရင်တော့ အုန်းနို့၊ ဆား၊ သကြားတို့ကို ကျိုပေးပါ။ အုန်းနို့သံဘူး (သို့) စက္ကူဘူးသုံးသူတွေကတော့ အကြာကြီး ကျိုပေးစရာမလိုပါဘူး။

အုန်းနို့ ၅ ပုံ ၁ ပုံလောက်ကို ချန်ထားပြီး ကောက်ညှင်းတွေရောထည့်လိုက်ပါ။ ပြီးရင်တော့ ကောက်ညှင်းကအုန်းနို့ကို လုံးဝစုပ်ယူသွားသည်အထိ ပြန်အပူပေးပြီး အအေးခံထားပါ။

စိန်တလုံး သရက်သီးမှည့်တစ်လုံးကို အခွံနွှာပြီး သင့်တင့်သလို အတုံးပုံလှီးထားပါ။ အုန်းနို့ကောက်ညှင်းတစ်ဝက်ကို ပုံစံခွက်တစ်ခုမှာထည့်ပြီး လှီးထားသောသရက်သီးဘေးမှာ မှောက်ချပါ။ ကောက်ညှင်းရော သရက်သီးရော နှစ်မျိုးလုံးပေါ်ချန်ထားတဲ့ အုန်းနို့ရည်လေး ဆမ်းပြီး နှမ်းစေ့လေးတွေ အလှဆင်ကာ တည်ခင်းဧည့်ခံပါ။

စိန်တလုံး သရက်သီး အုန်းနို့ ကျောက်ကျော

ပါဝင်ပစ္စည်းများ

စိန်တလုံး သရက်သီးမှည့် – ၂ လုံး

သကြား – ခွက် ၁/၃ ပုံ

ကျောက်ကျော – ၁၅ ဂရမ် (၁ထုပ်)

ရေ – ခွက်တစ်ဝက်

အုန်းနို့ – ၁ ခွက်

ပြုလုပ်နည်း

စိန်တလုံး သရက်သီးကို အခွံနွှာပြီး အနေတော်လှီးပေးလိုက်ပါ။ ပြီးရင်တော့ ရေ ထည့်ပြီး သစ်သီးကြိတ်စက်နဲ့ ကြေညှက်အောင်ကြိတ်ပေးလိုက်ပါ။ အဲဒီနောက်မှာတော့ ကျောက်ကျောမှုန့် နဲ့ သကြား အုန်းနို့ တို့ရောပြီး မီးဖိုပေါ် မိနစ်၂၀ခန့်ကျိုပါ ။ ကျောက်ကျောရည်တွေ ပျစ်လာပြီဆိုရင်တော့ ပုံစံခွက် (သို့) ဗန်းထဲထည့်ပြီး အအေးထားခံပါ။

စိန်တလုံး သရက်သီးမှည့် ဖျော်ရည်

ပါဝင်ပစ္စည်း

စိန်တလုံးသရက်သီး ၁ လုံး

သကြား အနည်းငယ်

ရေခဲ အနည်းငယ်

ပြုလုပ်နည်း

စိန်တလုံး သရက်သီးမှည့်ကို အခွံနွှာပြီး အတုံးလေးတွေ တုံးထားပါ။ ဖျော်စက်ထဲကို သရက်သီးစိတ်တွေရယ် သကြားရယ် ရေခဲရယ် ရောကြိတ်ပြီး လွယ်လွယ်ကူကူ ဖျော်ရည်လေး တစ်ခွက် လုပ်သောက်လို့ ရပါတယ်။ လက်ဖျော် သောက်ချင်သူတွေကတော့ အတုံး ခပ်သေးသေး တုံးပြီး ဇွန်းနဲ့ ခေါက်ပြီး သကြားနဲ့ ရောမွှေ ရေခဲထည့်ပြီး သောက်နိုင်ပါတယ်။

စိန်တလုံးသရက်ယို

ပေါင်မုန့်နဲ့စားစား ဒီအတိုင်းစားစား အရသာရှိတဲ့ စိန်တလုံး သရက်ယိုလေး ထိုးစားရအောင်နော်။

ပါဝင်ပစ္စည်း

စိန်တလုံးသရက်သီးမှည့် – ၄ လုံး

သံပယိုသီး (သို့) သံပရာသီး – ၁ လုံး (အရည်ညှစ်ပါ)

သံပယိုခွံ (သို့) သံပုရာခွံ တစ်ခြမ်း

သကြား (လိုအပ်သလောက်)

ရေ (လိုအပ်သလောက်)

ပြုလုပ်နည်း

စိန်တလုံး သရက်သီးမှည့်ကိုအခွံနွှာပြီး အတုံးလေးတွေလှီးလိုက်ပါ။

ပြီးရင် သရက်သီး၊ ရေ၊ သကြား သံပယိုရည်(သို့) သံပရာရည် ၊ သံပယိုအခွံ (သို့) သံပရာအခွံ တို့ကို ရောထည့်ပြီး ဆူအောင်တည်ပါ။

ပွက်လာပြီဆိုရင် အပူချိန်လျှော့ပြီး သရက်သီးကို ပြဲသွားအောင်လုပ်ပါ။

ရေကို အရမ်းလည်းမကျဲစေ အရမ်းလည်းမပျစ်စေဘဲ နည်းနည်းချင်းထည့်ပါ။

သရက်သီးပြဲလာပြီဆိုရင်တော့ စိန်တလုံး သရက်ယိုကို ပျစ်လာတဲ့ထိ တည်ပါ။

ပြီးရင်အအေးခံပြီး ဘူးထဲထည့်ထားပါ။

City Mart Fruit Fair အသီးအနှံပွဲတော်

City Mart Fruit Fair အသီးအနှံပွဲတော်ကို လာမယ့် ဇွန်လ ၇ ရက်နေ့ကနေ ၂၀ ရက်အထိ City Mart Supermarket တွေအားလုံးမှာ ကျင်းပပြုလုပ်သွားမှာဖြစ်လို့ အားလုံးပဲ ဆက်ဆက်လာခဲ့ဖို့ ဖိတ်ခေါ်လိုက်တယ်နော်။