နည်းပညာတိုးတက်ပြောင်းလဲလာသည်နှင့်အမျှ လူသုံးကုန်ပစ္စည်းများ၊ မီးဖိုချောင်သုံးပစ္စည်းများက တစ်ဆထက်တစ်ဆ အဆင့်မြင့်မားလာကာ လူသားတို့ရဲ့စွမ်းအင်ကို ချွေတာရာမှာ များစွာအကူအညီအထောက်အပံ့ပေးနေကြပါတယ်။

အဆင့်မြင့်မီးဖိုချောင်သုံးပစ္စည်းတွေထဲမှာတော့ Air Fryer က တစ်ခုအပါအဝင်ပဲဖြစ်ပါတယ်။ အစားအစာများကို Air Fryer နဲ့ ကြော်လှော်ချက်ပြုတ်တဲ့အခါ အချိန်ကုန် လူပင်ပန်း သက်သာတဲ့အတွက်ကြောင့် ဒီတစ်ခါမှာတော့ စာဖတ်သူတို့အတွက် Air Fryer နဲ့ အရသာရှိတဲ့ အုန်းသီးကပ် ပုစွန်ကြွပ်ကြော်ကို ဘယ်လိုဖန်တီးနိုင်မလဲဆိုတာ ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ပုစွန် ၁ ပေါင်
  • ဆားနှင့် ငရုတ်ကောင်းမှုန့် လက်ဖက်ရည်ဇွန်း ၂ ဇွန်း
  • ဂျုံမှုန့် စားပွဲတင်ဇွန်း ၄ ဇွန်း
  • ကြက်သွန်ဖြူအမှုန့် လက်ဖက်ရည်ဇွန်းတစ်ဝက်
  • ကြက်ဥ ၂ လုံး

  • ပဲငံပြာရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • အုန်းသီးဖတ် အနည်းငယ်
  • Panko ပေါင်မုန့်အကြေအစများ စားပွဲတင်ဇွန်း ၈ ဇွန်း
  • သံလွင်ဆီ အနည်းငယ်

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ပုစွန်များကို ရေဆေး အခွံခွာပြီးနောက် ခြောက်အောင် သုတ်ထားလိုက်ပါ။ ထို့နောက် ဆား၊ ငရုတ်ကောင်းမှုန့်တို့ ဖြူးထားပေးလိုက်ပါ။

၂။ ဇောက်နက်သော ပန်းကန်ပြားတစ်လုံးထဲသို့ ဂျုံမှုန့်၊ ကြက်သွန်ဖြူအမှုန့်၊ ဆား လက်ဖက်ရည်ဇွန်းတစ်ဝက်၊ ငရုတ်ကောင်းမှုန့် လက်ဖက်ရည်ဇွန်း တစ်ဝက်တို့ထည့်ကာ သမအောင် ရောမွှေထားပါ။ ထို့နောက် ပုစွန်များထည့်ကာ ဂျုံမှုန့် လူးပေးလိုက်ပါ။

၃။ အခြားပန်းကန်ပြားအသစ်တစ်လုံးထဲမှာတော့ ကြက်ဥများကို ပဲငံပြာရည်ဖြင့် ရောနှောကာ မွှေခလောက်ထားလိုက်ပါ။ ဂျုံမှုန့်ကပ်နေသော ပုစွန်များကို ထိုကြက်ဥပန်းကန်ထဲ ထည့်နှစ်လိုက်ပါ။

၄။ နောက်ထပ် ပန်းကန်ပြားထဲမှာတော့ အုန်းသီးဖတ်နှင့် ပေါင်မုန့်အရောအနှောများကို ဆား၊ ငရုတ်ကောင်းမှုန့် အနည်းငယ်ထည့်ကာ သမအောင် ရောမွှေထားပါ။ ကြက်ဥထဲ ထည့်နှစ်ပြီးသား ပုစွန်များကို အုန်းသီးဖတ် ကပ်ပေးလိုက်ပါ။

၅။ ထိုအုန်းသီးကပ် ပုစွန်များကို Air Fryer ထဲထည့်ကာ သံလွင်ဆီ အနည်းငယ် သုတ်လိမ်းလိုက်ပါ။ ထို့နောက် အပူချိန် ၄၀၀ ဒီဂရီဖာရင်ဟိုက်ဖြင့် ၈ မိနစ်ခန့် ကြော်ပေးရပါမယ်။ (၄ မိနစ် ပြည့်ပါက အခြားတစ်ဖက်သို့ လှန်ပေးဖို့ လိုပါမယ်)

ပုစွန်များရင် များသလောက် Air Fryer ထဲတွင် ၂ ခါ၊ ၃ ခါ ခွဲကြော်ပေးရပါလိမ့်မယ်။

၆။ အချိန် ၈ မိနစ်ပြည့်တဲ့အခါမှာတော့ အခုလိုပဲ ရွှေညိုရောင် သမ်းနေတဲ့ အုန်းသီးကပ် ပုစွန်ကြွပ်ကြော်များ ရရှိလာပါလိမ့်မယ်။

ဒါဆိုရင်တော့ မိမိနှစ်သက်ရာအချဉ်ရည်ဖြင့် အရသာရှိရှိ သုံးဆောင်နိုင်ပါပြီ။

Source: Thespruceeats.com