ရာသီဥတု ပူတဲ့အတွက် ဆီပြန်ဟင်းတွေ မစားချင်တဲ့အခါ၊ အချဉ်စူးတာမျိုးကိုလည်း မကြိုက်ခဲ့ရင် ချဉ်ပြုံးအရသာရှိတဲ့ ပန်းသီးစိမ်းကို ပုစွန်ခြောက် (သို့) ပုစွန် နှင့် စပ်စပ်လေး ကြော်စားကြည့်ပါ။
ရာသီမရွေးချက်စားလို့ရတဲ့ ဟင်းအမယ်ဖြစ်လို့ ပန်းသီးအစိမ်းရောင်ကိုပဲ သုံးပါတယ်။ အသားက ပိုကျစ်ပြီး အချဉ်ဓါတ်လည်း အနည်းငယ် ပါတယ် ။ ကျန်တာတွေက အချိုဓါတ်ကဲလို့ပါ ။ ထမင်းစားလို့မြိန်စေမယ့် ပန်းသီးစိမ်းငါးပိချက် နည်းဖြစ်ပါတယ်။
ပါဝင်ပစ္စည်းများ
- ပန်းသီးစိမ်း – ၃လုံး
- ပုစွန် – ၁၀ကျပ်သား ( ပုစွန်ခြောက်မှုန့် သုံးလည်ရပါတယ်။)
- စိမ်းစားငါးပိ အနည်းငယ် (သို့) ငါးငံပြာရည် ထမင်းစားဇွန်း ၃ဇွန်း
- ကြက်သွန်နီအနေတော် – ၃လုံး
- ကြက်သွန်ဖြူ – ၅မွှာ
- နနွင်းမှုန့် – အနည်းငယ်
- ငရုတ်သီးခွဲခြမ်း – ထမင်းစားဇွန်း ၂ဇွန်း
- ငရုတ်သီးစိမ်း – စားနိုင်သလောက်
- ဆား – အနည်းငယ်
- ဆီ – အနည်းငယ်
ပြင်ဆင်ပြုလုပ်နည်း
- ပန်းသီးစိမ်းတွေကို အခွံခွာပြီး ခြစ်ဖြင့် ခြစ်ပါ ။ ခြစ်ပြီးသားတွေကို ဆားရည်ထဲ ထည့်စိမ်ပါ ။ ကြက်သွန်နီ ၊ ကြက်သွန်ဖြူ တို့ကို ပါးပါးလှီးပါ။
- ဒယ်အိုးထဲ ဆီထည့်ပြီး ဆီဆူလာလျှင် နနွင်းမှုန့် အနည်းငယ် ထည့်ပါ ။ ပြီးလျှင် ကြက်သွန်နီ ၊ ကြက်သွန်ဖြူ တို့ကို ထည့်ပါ။ငရုတ်သီးခွဲခြမ်းထည့်ပြီး ငရုတ်သီးအနံ့ပျောက်အောင် ခဏမွှေပေးပါ။
- ပုစွန်ကို နုတ်နုတ်စင်းပြီး ဆီသတ်ထဲ ရောမွှေပေးပါ။ ပုစွန်ကျက်ပြီဆိုလျှင် ငါးငံပြာရည် ထည့်ပါ ၊ (သို့) စိမ်းစားငါးပိကို ရေဖျော်ထားပြီး စစ်ထည့်ပါ။
- ခြစ်ထားသော ပန်းသီးဖတ်တွေကို ထည့်ပြီး ရောမွှေပေးပါ။ ရေနွေး အနည်းငယ် ထည့်ပါ။ အရသာ အပေ့ါအငန် မြည်းပြီးမှ လိုအပ်လျှင် ဆားထည့်ပြီး ရောမွှေပေးပါ ။
- နောက်ဆုံးမှ ထက်ခြမ်းခွဲထားသော ငရုတ်သီးစိမ်းထည့်ပါ ။ နံနံပင်ကြိုက်လျှင် အနည်းငယ် ထည့်ပါ ။ ဆီပြန်လာသည်အထိ တည်ပါ ။ အရမ်းလည်း မချဉ်ပဲ မွှေးမွှေးလေးနှင့် စားကောင်းတဲ့ ပန်းသီးစိမ်းငါးပိချက် ရပါပြီ ။
Credit: Kae Kae’s Food Palace