ရာသီဥတု ပူတဲ့အတွက် ဆီပြန်ဟင်းတွေ မစားချင်တဲ့အခါ၊ အချဉ်စူးတာမျိုးကိုလည်း မကြိုက်ခဲ့ရင် ချဉ်ပြုံးအရသာရှိတဲ့ ပန်းသီးစိမ်းကို ပုစွန်ခြောက် (သို့) ပုစွန် နှင့် စပ်စပ်လေး ကြော်စားကြည့်ပါ။

ရာသီမရွေးချက်စားလို့ရတဲ့ ဟင်းအမယ်ဖြစ်လို့ ပန်းသီးအစိမ်းရောင်ကိုပဲ သုံးပါတယ်။ အသားက ပိုကျစ်ပြီး အချဉ်ဓါတ်လည်း အနည်းငယ် ပါတယ် ။ ကျန်တာတွေက အချိုဓါတ်ကဲလို့ပါ ။ ထမင်းစားလို့မြိန်စေမယ့် ပန်းသီးစိမ်းငါးပိချက် နည်းဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ပန်းသီးစိမ်း – ၃လုံး
  • ပုစွန် – ၁၀ကျပ်သား ( ပုစွန်ခြောက်မှုန့် သုံးလည်ရပါတယ်။)
  • စိမ်းစားငါးပိ အနည်းငယ် (သို့) ငါးငံပြာရည် ထမင်းစားဇွန်း ၃ဇွန်း
  • ကြက်သွန်နီအနေတော် – ၃လုံး
  • ကြက်သွန်ဖြူ – ၅မွှာ
  • နနွင်းမှုန့် – အနည်းငယ်
  • ငရုတ်သီးခွဲခြမ်း – ထမင်းစားဇွန်း ၂ဇွန်း
  • ငရုတ်သီးစိမ်း – စားနိုင်သလောက်
  • ဆား – အနည်းငယ်
  • ဆီ – အနည်းငယ်

ပြင်ဆင်ပြုလုပ်နည်း

  1. ပန်းသီးစိမ်းတွေကို အခွံခွာပြီး ခြစ်ဖြင့် ခြစ်ပါ ။ ခြစ်ပြီးသားတွေကို ဆားရည်ထဲ ထည့်စိမ်ပါ ။ ကြက်သွန်နီ ၊ ကြက်သွန်ဖြူ တို့ကို ပါးပါးလှီးပါ။
  2. ဒယ်အိုးထဲ ဆီထည့်ပြီး ဆီဆူလာလျှင် နနွင်းမှုန့် အနည်းငယ် ထည့်ပါ ။ ပြီးလျှင် ကြက်သွန်နီ ၊ ကြက်သွန်ဖြူ တို့ကို ထည့်ပါ။ငရုတ်သီးခွဲခြမ်းထည့်ပြီး ငရုတ်သီးအနံ့ပျောက်အောင် ခဏမွှေပေးပါ။
  3. ပုစွန်ကို နုတ်နုတ်စင်းပြီး ဆီသတ်ထဲ ရောမွှေပေးပါ။ ပုစွန်ကျက်ပြီဆိုလျှင် ငါးငံပြာရည် ထည့်ပါ ၊ (သို့) စိမ်းစားငါးပိကို ရေဖျော်ထားပြီး စစ်ထည့်ပါ။
  4. ခြစ်ထားသော ပန်းသီးဖတ်တွေကို ထည့်ပြီး ရောမွှေပေးပါ။ ရေနွေး အနည်းငယ် ထည့်ပါ။ အရသာ အပေ့ါအငန် မြည်းပြီးမှ လိုအပ်လျှင် ဆားထည့်ပြီး ရောမွှေပေးပါ ။
  5. နောက်ဆုံးမှ ထက်ခြမ်းခွဲထားသော ငရုတ်သီးစိမ်းထည့်ပါ ။ နံနံပင်ကြိုက်လျှင် အနည်းငယ် ထည့်ပါ ။ ဆီပြန်လာသည်အထိ တည်ပါ ။ အရမ်းလည်း မချဉ်ပဲ မွှေးမွှေးလေးနှင့် စားကောင်းတဲ့ ပန်းသီးစိမ်းငါးပိချက် ရပါပြီ ။

Credit: Kae Kae’s Food Palace