ကြက်သား ချိုချဉ်ဟင်းလျာလေး သုံးဆောင်ချင်သူများအတွက် လိမ္မော်သီးအသုံးပြုပြီး ကြက်ချိုချဉ်ဟင်း ဘယ်လိုချက်နိုင်သလဲဆိုတာကို MyFood Myanmar ရဲ့အစားအသောက်ချစ်သူတို့အတွက် ဝေမျှပေးလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ကြက်ပေါင် ၈ တုံး (အရိုးနှင့် အရေခွံတို့ိကို ဖယ်ရှားထားပါ)
  • ဆားနှင့် ငရုတ်ကောင်းမှုန့် အနည်းငယ်
  • သံလွင်ဆီ စားပွဲတင်ဇွန်း ၁ ဇွန်း
  • လိမ္မော်ရည် စားပွဲတင်ဇွန်း ၁၆ ဇွန်း (လိမ္မော်သီး ၃ လုံး၊ ၄ လုံးခန့်ကို အရည်ညှစ်ထားပါ)
  • ကြက်ပြုတ်ရည် စားပွဲတင်ဇွန်း ၁၆ ဇွန်း

  • သကြားညို စားပွဲတင်ဇွန်း ၈ ဇွန်း
  • ကြက်သွန်ဖြူ ၄ မြွှာ (နုပ်နုပ်စဉ်းထားပါ)
  • ဂျင်းတုံး အသေးတစ်တုံး (နုပ်နုပ်စသ်းထားပါ)
  • နံနံပင်နှင့် လိမ္မော်သီးစိပ် အနည်းငယ် (အလှဆင်ရန်)

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ကြက်သားကို ဆား၊ ငရုတ်ကောင်းမှုန့်တို့ဖြင့် သမအောင် နယ်ထားလိုက်ပါ။

၂။ ဒယ်အိုးကို အပူပေးပြီး သံလွင်ဆီ စားပွဲတင်ဇွန်း ၁ ဇွန်းထည့်ပါ။ ထို့နောက် ကြက်သားတုံးများထည့်ပြီး အညိုဖျော့ရောင် ပြောင်းသွားသည်အထိ ကြော်ပေးလိုက်ပါ။ ကြက်သားတုံးရဲ့ နှစ်ခြမ်းစလုံးကို ကြော်ပေးရပါမယ်။ ရရှိလာတဲ့ ကြက်သားကြော်ကို ပန်းကန်ထဲ ပြောင်းထည့်ထားပါ။

၃။ ပန်းကန်လုံးအသေးတစ်လုံးတွင် လိမ္မော်ရည်၊ ကြက်ပြုတ်ရည်၊ သကြားညို၊ ကြက်သွန်ဖြူနှင့် ဂျင်းတို့ထည့်ပြီး သမအောင် ရောမွှေပေးလိုက်ပါ။ ထို့နောက် ဒယ်အိုးထဲသို့ လောင်းထည့်ပြီး ဆော့စ်အရည်များ သုံးပုံ တစ်ပုံခန့် ကျန်သည်အထိ တည်ထားလိုက်ပါ။

ထိုအချိန်တွင် Oven ကို ၃၅၀ ဒီဂရီဖာရင်ဟိုက်အထိ ကြိုတင်အပူပေးထားပါ။

၄။ ပြီးရင်တော့ ကြက်သားကြော်များကို ဒယ်အိုးထဲသို့ ပြန်ထည့်ပြီး ဆော့စ်ဖြင့် သမအောင် ရောမွှေလိုက်ပါ။ ထို့နောက် ကြက်သားဒယ်အိုးကို Oven ထဲထည့်ပြီး မိနစ် ၂၀ ခန့် အပူပေးလိုက်ပါ။

သတ်မှတ်ချိန်ပြည့်သွားတဲ့အခါမှာတော့ နံနံပင်အနည်းငယ်ဖြူးထည့်ပြီး လိမ္မော်သီးစိပ်လေးများဖြင့် အလှဆင်ပေးလိုက်ပါ။

ဒါဆိုရင်တော့ လိမ္မော်သီးရဲ့ချိုချဉ်ဓာတ် ပါဝင်တဲ့ ကြက်သားဟင်းလျာတစ်ပွဲ ရရှိသွားပါပြီ။

Source: Foodiecrush.com