အားလုံးပဲ မင်္ဂလာပါ။ ဖက်ထုပ်စားရတာကြိုက်နှစ်သက်သူများအတွက် ဒီတစ်ခါမှာတော့ အရသာရှိတဲ့ ဝက်သားဖက်ထုပ်ပေါင်းပြုလုပ်နည်းကို ဝေမျှပေးချင်ပါတယ်။
ပါဝင်ပစ္စည်းများ
- ဝက်သား ၁ ပေါင်ခန့်(နုပ်နုပ်စဉ်းထားပါ)
- ဂေါ်ဖီထုပ် တစ်ခြမ်း (ပါးပါးလှီးထားပါ)
- ကြက်သွန်မြိတ် တစ်စည်း (ပါးပါးလှီးထားပါ)၊ ကြက်သွန်ဖြူ ၁ မြွှာ (ပါးပါးလှီးထားပါ)နှင့် တစ်လက်မပတ်လည် ဂျင်းတုံးတစ်တုံး (ပါးပါးလှီးထားပါ)
- ပဲငံပြာရည် စားပွဲတင်ဇွန်း ၃ ဇွန်း၊ ခရုဆီ စားပွဲတင်ဇွန်း ၁ ဇွန်းနှင့် သကြား စားပွဲတင်ဇွန်း ၁ ဇွန်း
- ဆား လက်ဖက်ရည်ဇွန်းတစ်ဝက်နှင့် နှမ်းဆီ လက်ဖက်ရည်ဇွန်းတစ်ဝက်
- ပုစွန်ခြောက် လက်ဖက်ရည်ဇွန်း ၂ ဇွန်း
- ကြက်ဥ ၁ လုံး (မွှေခလောက်ထားပါ)
- ငရုတ်ကောင်းမှုန့် လက်ဖက်ရည်ဇွန်း ၄ ပုံ ၁ ပုံ
- ပြောင်းမှုန့် စားပွဲတင်ဇွန်း ၁ ဇွန်း
- ဖက်ထုပ်လိပ်ရန်အသင့်လုပ်ဂျုံပြားတစ်ထုပ်
ပြုလုပ်နည်းအဆင့်ဆင့်
၁။ ပုစွန်ခြောက်ကို ညှက်နေအောင်ထောင်းထားပါ။ ထို့နောက် ပန်းကန်လုံးအကြီးတစ်လုံးထဲတွင် ပုစွန်ခြောက်၊ ပါးပါးလှီးထားသော ဂေါ်ဖီထုပ်၊ ဆား လက်ဖက်ရည်ဇွန်းတစ်ဝက်၊ နုပ်နုပ်စဉ်းထားသော ဝက်သား၊ ပါးပါးလှီးထားသော ကြက်သွန်မြိတ်၊ ကြက်သွန်ဖြူနှင့် ဂျင်း၊ ပဲငံပြာရည် စားပွဲတင်ဇွန်း ၃ ဇွန်း၊ ခရုဆီ စားပွဲတင်ဇွန်း ၁ ဇွန်း၊ သကြား စားပွဲတင်ဇွန်း ၁ ဇွန်း၊ နှမ်းဆီ လက်ဖက်ရည်ဇွန်းတစ်ဝက်၊ မွှေခလောက်ထားသော ကြက်ဥ၊ ငရုတ်ကောင်းမှုန့်နှင့် ပြောင်းမှုန့်တို့ထည့်ပြီး သမအောင် နယ်ဖတ်ထားလိုက်ပါ။
၂။ ပန်းကန်လုံးအသေးတစ်လုံးထဲတွင် ရေထည့်ထားပါ။ ဂျုံပြားကို လက်ဖဝါးတစ်ဖက်ပေါ်တင်ပြီးနောက် ကျန်လက်ချောင်းလေးများကို ရေဆွတ်ပေးလိုက်ပါ။ ထို့နောက် ဂျုံပြားရဲ့အနားသတ်များကို ရေဆွတ်ပေးလိုက်ပါ။
၃။ ဂျုံပြားရဲ့ အလယ်ဗဟိုတည့်တည့်က စောစောကသမအောင် နယ်ထားသော အစာသွပ်များကို လက်ဖက်ရည်ဇွန်းတစ်ဇွန်းစာခန့်ထည့်ပြီးနောက် ဂျုံပြားကို လခြမ်းပုံသဏ္ဍာန်ဖြစ်သွားအောင် ပိတ်လိုက်ပါ။ ထို့နောက် လေလုံဖို့ရန်အတွက်ဂျုံအနားသားများကို လက်ဖြင့်ဖိပေးလိုက်ပါ။ အစာသွပ်များအားလုံးကုန်သွားသည်အထိ ဖက်ထုပ်များကို အဆင်သင့်ထုပ်ထားလိုက်ပါ။
၄။ ထို့နောက် အိုးတစ်လုံးထဲသို့ ရေ တစ်လက်မအနက်ခန့်ရအောင် ထည့်ထားလိုက်ပါ။ ဖက်ထုပ်ပေါင်းမယ့် ကြိမ်ခြင်းထဲသို့ ဂေါ်ဖီရွက်အနည်းငယ်ထည့်လိုက်ပါ။ ဂေါ်ဖီရွက် မခံထားဘူးဆိုရင်တော့ ဖက်ထုပ်များ ခြင်းထဲမှာ ကပ်နေပါလိမ့်မယ်။
၅။ ထို့နောက် ဖက်ထုပ်များကို ကြိမ်ခြင်းထဲတွင် အစီအရီထည့်ပြီးနောက် ရေထည့်ထားသော အိုးထဲတွင်အဖုံးပိတ်လျက်သားဖြင့် ၅ မိနစ်၊ ၆ မိနစ်ခန့် ထည့်ပေါင်း ထားလိုက်ပါ။
၆။ အချိန်ပြည့်သွားပြီဆိုရင်တော့ဖက်ထုပ်များကို ပန်းကန်ပြားထဲသို့ ဆယ်ထည့်ပြီးနောက် ကြက်သွန်မြိတ်ဖြူးကာ မိမိနှစ်သက်ရာ အချဉ်၊ ဆော့စ်တို့ဖြင့် အရသာရှိရှိသုံးဆောင်နိုင်ပါပြီ။
Source: Garlicandzest.com