ဒီတစ်ခါမှာတော့ ဝက်သားလုံးကို အိမ်မှာ ကိုယ်တိုင်ပြုလုပ်နိုင်မယ့် နည်းလမ်းကို မျှဝေပေးလိုက်ပါတယ်။ အသားလုံးတွေစားချင်ရင် အပြင်ကဝယ်မစားပဲ ကိုယ်တိုင်လုပ်စားတော့ ပိုပြီးလည်းစိတ်ချရတာပေါ့။ ဘယ်အချိန်ပဲစားချင်ချင် လုပ်စားလို့လည်းရတာပေါ့။ ဒီတော့ ဘယ်လိုတွေ အဆင့်ဆင့်လုပ်ရမလဲဆိုတာကို လေ့လာကြည့်လိုက်ရအောင်။

ငရုပ်ဆုံထဲကို ငရုပ်ကောင်း – လက်ဖက်ရည်ဇွန်း ၁ ဇွန်းစာထည့်ပြီး ကျေညက်အောင် ထောင်းပေးပါ။ ကြက်သွန်ဖြူ – ၅ တက်ကိုလည်း ထည့်ထောင်းပေးပါ။

ဝက်သား (ground pork) – ၅၀၀ ဂရမ်ကို ကြိတ်စက်ထဲထည့်ပြီး ငံပြာရည် – စားပွဲတင်ဇွန်း ၂ ဇွန်း၊ ဆား – လက်ဖက်ရည်ဇွန်းတစ်ဝက်၊ သကြား – စားပွဲတင်ဇွန်းတစ်ဇွန်းမောက်မောက်၊ tapioca starch – စားပွဲတင်ဇွန်း ၂ ဇွန်း၊ baking powder – လက်ဖက်ရည်ဇွန်းတစ်ဝက်ထည့်ပြီး ခုနကထောင်းထားတဲ့ ကြက်သွန်ဖြူနဲ့ ငရုပ်ကောင်းကိုလည်း ထည့်ပေးပါ။

အားလုံးထည့်ပြီးရင်တော့ ကြိတ်လိုက်လို့ရပါပြီ။ ကြိတ်နေတဲ့အချိန်မှာပဲ ရေခဲတုံး ၇ တုံးလောက်ကို တစ်တုံးချင်းစီထည့်ကာ ကြိတ်ပေးပါ။

ရပြီဆိုရင် ပန်းကန်ထဲပြောင်းထည့်ပြီး လက်နဲ့နည်းနည်းစီယူကာ ပုံမှာပြထားတဲ့အတိုင်း အလုံးလေးရအောင်ညှစ်ပြီး ဇွန်းနဲ့ယူကာ အိုးထဲထည့်ပြုတ်ရပါမယ်။ အိုးထဲကိုတော့ ရေနွေးထည့်ထားဖို့ လိုပါမယ်။

ပြုတ်ပြီးရပြီဆိုရင်တော့ ဒီတိုင်း အချဉ်လေးနဲ့ တို့စားလို့လည်းရသလို ကင်ပြီးတော့လည်း ထပ်လုပ်စားလို့ရပါတယ်။ ခေါက်ဆွဲပြုတ်ထဲထည့်စားလို့လည်းရသလို၊ ကြော်စားချင်လည်း ပြန်ကြော်စားလို့ရပါတယ်။ ဒါဆိုရင်တော့ ဝက်သားလုံးလုပ်တာ ပြီးသွားပါပြီနော်။

Source: www. pailin’skitchen