ဝေဖာဒယ်အိုးတစ်လုံး ပိုင်ဆိုင်ထားခြင်းရဲ့ အားသာချက်ကတော့ မိမိကြိုက်နှစ်သက်ရာ ဝေဖာအမျိုးမျိုးကို မိမိစိတ်ကြိုက်လုပ်စားနိုင်ခြင်းပဲဖြစ်ပါတယ်။

ဝေဖာပူပူလေး စားချင်သူတွေအတွက် ဝေဖာဒယ်အိုးဖြင့် အလွယ်တကူလုပ်စားနိုင်တဲ့ ချိစ် ကြက်ဥဝေဖာပူပူလေး ပြုလုပ်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ဂျုံမှုန့် ၁၂၈ ဂရမ်
  • မုန့်ဖုတ်ပေါင်ဒါ လက်ဖက်ရည်ဇွန်း ၁ ဇွန်းခွဲ
  • ဆား လက်ဖက်ရည်ဇွန်း ၄ ပုံ ၁ ပုံ
  • ကြက်ဥ ၅ လုံး
  • နွားနို့ စားပွဲတင်ဇွန်း ၁၆ ဇွန်း

  • ဆီ စားပွဲတင်ဇွန်း ၄ ဇွန်း
  • ဝက်ဆားနယ်ခြောက် ၄ ပြား (ကြွပ်နေအောင် ကြော်ထားပြီးနောက် ချေမွထားလိုက်ပါ)
  • ချိစ် စားပွဲတင်ဇွန်း ၈ ဇွန်း (ခြစ်ပြားဖြင့် ခြစ်ချထားလိုက်ပါ)

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ဝေဖာဒယ်အိုးကို မီးပြင်းပြင်းဖြင့် အပူပေးထားပါ။

၂။ ဂျုံမှုန့်၊ မုန့်ဖုတ်ပေါင်ဒါနှင့် ဆားတို့ကို ပန်းကန်လုံးတစ်လုံးထဲထည့်ကာ သမအောင် ရောမွှေထားလိုက်ပါ။

၃။ အခြားပန်းကန်လုံးတစ်လုံးထဲတွင် ကြက်ဥ ၁ လုံး၊ နွားနို့နှင့် ဆီတို့ကို သမအောင် မွှေခလောက်ထားလိုက်ပါ။

၄။ ကြက်ဥ နွားနို့အရောအနှောကို စောစောက ဂျုံမှုန့် ပန်းကန်လုံးထဲထည့်ကာ သမသွားပြီး မုန့်နှစ်များဖြစ်သွားအောင် ထပ်မွှေပေးလိုက်ပါ။

၅။ ရရှိလာတဲ့ မုန့်နှစ် စားပွဲတင်ဇွန်း ၄ ဇွန်းခန့်ကို ဝေဖာဒယ်အိုးပေါ် ထည့်လိုက်ပါ။ ထို့နောက် ကြက်ဥ ၁ လုံး ဖောက်ထည့်ပါ။ ဝက်ဆားနယ်ခြောက် ၄ ပုံ ၁ ပုံနှင့် ချိစ် ၄ ပုံ ၁ ပုံခန့် ထည့်ပါ။ ထို့နောက် မုန့်နှစ် စားပွဲတင်ဇွန်း ၄ ဇွန်းကို အပေါ်ကနေ ထပ်ထည့်ပြီးနောက် ဝေဖာဒယ်အိုးအဖုံး ပိတ်ကာ ၂ မိနစ်၊ ၃ မိနစ်ခန့် အပူပေးလိုက်ပါ။

၆။ ဒါဆိုရင်တော့ အရသာရှိတဲ့ ချိစ် ကြက်ဥဝေဖာ တစ်ချပ် ရသွားပါပြီ။ မုန့်နှစ်များနဲ့ ကြက်ဥ၊ ဝက်ဆားနယ်ခြောက်၊ ချိစ်တို့ ကုန်သွားသည်အထိ အထက်ဖော်ပြပါနည်းအတိုင်း ထပ်မံပြုလုပ်ပေးလိုက်မယ်ဆိုရင်တော့ အရသာရှိတဲ့ ချိစ် ကြက်ဥဝေဖာအများအပြားရရှိသွားပါလိမ့်မယ်။

Source: Thespruceeats.com